ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အရပ်သားကား ချောဆွဲလာသည့် စစ်အာဏာရှင်တပ် ရေဖြူ၊ ဘုရားသုံးဆူရွာတွင် မိုင်းဆွဲခံရ

July 24, 2026

ပုံစာ - မိုင်းဆွဲခံရပြီးနောက် ချောက်ထဲကျနေသည့် ကား။ ဓာတ်ပုံ - ရေးဘီလူးတပ်ဖွဲ့။

ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ဘုရားသုံးဆူရွာအနီးတွင် စစ်အာဏာရှင်တပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ပြည်ထောင်စုကားလမ်း အနောက်ဘက်ရှိ မင်းသားကျေးရွာအုပ်စုမှ ပြည်ထောင်စုကားလမ်းမပေါ်ရှိ ရာဖူးရွာသို့ တပ်အချိန်းအပြောင်းလုပ်ရန် ပို့ဆောင်စဉ် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်(KNLA) တပ်ရင်း ၂၇ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသည့် မောရဝတီရေတပ် အရာရှိတစ်ဦးနှင့် တပ်သားသုံးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း၊ ကားတစ်စီး ချောက်ထဲကျကာ ပျက်စီးနေသည့် ဓာတ်ပုံနှင့်အတူ ရေးဘီလူးတပ်ဖွဲ့က တိုက်ပွဲသတင်း ထုတ်ပြန်သည်။

ထိခိုက်သေဆုံးမှုများကို အသေးစိတ် အတည်ပြုမေးမြန်းနိုင်ရန် ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူထံ မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မိုင်းဆွဲခံရသည့် ယာဉ်တန်းတွင် မင်းသားကျေးရွာအုပ်စုမှ အချောဆွဲ (စစ်ကြောင်းအား ပို့ဆောင်ပေးရန် အကျပ်ကိုင် လိုက်ပို့ခိုင်းခြင်း) ထားသည့် ကားငါးစီးဖြင့် စစ်အာဏာရှင်တပ်သား ငါးဆယ်ကျော် လိုက်ပါသွားကြောင်း မျက်မြင်တွေ့ရသည့် နတ်ကြီးစင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

“ညနေ ၃ နာရီလောက်မှာ မိုင်းဆွဲခံရတယ်ဆိုပြီး ကားတွေအကုန် ရာဖူးမတက်တော့ဘဲ ကံပေါက် ပြန်ဆင်းလာတယ်။ လူနာတွေလည်းပါတယ်။ ကားတစ်စီးမှာ သွေးတွေပေနေတာလည်း တွေ့ရတယ်။ ယာဉ်တန်းလိုက်သွားရတဲ့ ကားတွေက မင်းသား၊ လယ်ကြီးဘက်က ကားတွေ အချောဆွဲခံရတာ” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်သည် ယခုနှစ်ဆန်းပိုင်းမှစ၍ ပြည်ထောင်စုကားလမ်းမပေါ်သို့ စစ်အင်အားပို့ဆောင်ရန် ကားလမ်းမအနောက်ဘက်ရှိ ကျေးရွာချင်းဆက်လမ်းနှင့် အရပ်သားကားများကို အသုံးပြုကြောင်း ကားလမ်းမအနောက်ဘက် ကျေးရွာများရှိ ဒေသခံများထံမှ သိရသည်။

ပြည်ထောင်စုကားလမ်းမပေါ်ရှိ ရာဖူးရွာတွင်မူ စစ်အာဏာရှင်တပ်သား အင်အားတစ်ရာခန့် ယခုနှစ်ဆန်းကစ၍ နေရာယူထားကြောင်း ရာဖူးရွာသားများက ပြောသည်။

“ရာဖူးမှာက အင်အားရာဂဏန်းလောက် အမြဲနေရာယူထားတယ်။ စုပြီးမနေဘူး။ လူနေအိမ်တွေ၊ ဆိုင်တွေမှာ နည်းနည်းစီ လိုက်ခွဲထားပြီး ကင်းပုန်းချထားတယ်။ သာမန် ဖြတ်သွားဖြတ်လာ ကြည့်ရုံနဲ့ မသိနိုင်ဘူး။ ကင်းပုန်းပုံစံနဲ့ နေတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ရာဖူးရွာတွင် နေရာချထားသည့် အင်အားရာဂဏန်းတွင် မောရဝတီရေတပ်နှင့် ကလိန်အောင်တပ်နယ်မှ ခြေလျင်၊ ခြေမြန်တပ်ရင်းများမှ စစ်အာဏာရှင်တပ်သားများအပြင် ကံပေါက်ဦးပိုင် ဆီအုန်းခြံမှ စစ်မှုထမ်းဟောင်းနှင့် ပျူစောထီး (ပြည်သူ့စစ်) အချို့လည်း ပါဝင်သည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။