ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် SEZ ဘ၀ရွာတွင် စစ်အဏာရှင်တပ် ရွှေခုနစ်ကျပ်သားနှင့် ငွေကျပ်သိန်းရာချီ အဓမ္မယူဆောင်

July 23, 2026

ပုံစာ - ဘ၀ါကျေးရွာတနေရာ (ပုံဟောင်း)

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဘ၀ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် ဒေသခံများထံမှ ရွှေခုနစ်ကျပ်သား ထက်မနည်းနှင့် ငွေသားကျပ်သိန်း ရာနှင့်ချီကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အင်အားနှစ်ရာခန့်ရှိသည့် စစ်အာဏာရှင်တပ်သည် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းကစတင်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းမှ ဘ၀ကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး ယနေ့ ဇူလိုင်လ ၂၃ရက် နံနက်ပိုင်းအထိ ငါးရက်ကြာ တပ်စွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါကာလတွင် ဒေသခံများထံမှ ရွှေနှင့် ငွေသားများကို အဓမ္မတောင်းယူသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆို သည်။

“အမျိုးသမီတစ်ယောက်မှာဆိုရင် ရွှေနှစ်ကျပ်သားနဲ့ ငွေသိန်း ၅၀ ပါသွားတယ်။ နောက်တစ်ယောက်မှာ လက်ကောက် နှစ်ကွင်း နှစ်ကျပ်သားလောက်ရှိတယ်။ နောက် လက်စွပ်ပါတဲ့သူလည်း ရှိသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကြောင်းသည် ဘဝါကျေးရွာတွင် ဇူလိုင်လ ၂၂ရက် ညနေပိုင်းက ဘဝါဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဘဝါကျေးရွာတွင် ငါးရက်အကြာတပ်စွဲပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဘဝါကျေးရွာမှ ပြန်လည်ထွက်ခွာလာပြီး မယင်းကြီး ကျေးရွာသို့ ရောက်ရှိနေသဖြင့် အနီးအနားကျေးရွာအချို့မှ ဒေသခံများ အခြေအနေစောင့်ကြည့်နေကြရ ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“စစ်ကြောင်းက အခုဆိုရင် ရေနက်ဆိပ်ကမ်းကို ပြန်ဝင်ရင်ဝင် မဝင်ရင် ပရဒပ်၊ ထိန်ကြီး၊ လဲရှောင်ရွာတွေကို ဆက် လာနိုင်တဲ့ အနေထားရှိတယ်။ ရွာသားတွေကတော့ အခြေအနေစောင့်ကြည့်နေကြရတာပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ ညနေပိုင်းအထိ မယင်းကြီး ကျေးရွာ ရွာလယ်ပိုင်း လူနေအိမ်များတွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းရောက်ရှိလာ၍ မယင်းကြီးကျေးရွာရှိ ဒေသခံများ ယနေ့ နံနက်ပိုင်းကစပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေကြရကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။