ရေဖြူမြို့နယ် ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်း ၂၇ မိုင်အနီးတွင် ကုန်တင်ကားဝင်တိုက်မိပြီး PDF ရဲဘော်တစ်ဦး သေဆုံးကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံအချို့က ပြောသည်။
ဇူလိုင်လ ၂၂ ရက်က စစ်ဆေးရေးရန် ကားထွက်တားသည့် PDF ရဲဘော်တစ်ဦး ကုန်တင်ကား (တွဲကား) တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“မိုးကြီးတဲ့အချိန်ဆို ကားလမ်းပေါ်မှာ လူရပ်နေရင် သဲသဲကွဲကွဲ မမြင်ရဘူးလေ၊ သူကလည်း လမ်းမပေါ်ထွက်တားချိန် တိုက်မိတာလို့ ပြောကြတယ်” ဟု ၎င်းက ပြောဆိုသည်။
ကုန်ကားမှာ မောင်းပြေးသွားသည်ဟု သိရပြီး ကားသမားအခြေအနေကို မသိရကြောင်း ၎င်းတို့က ပြောဆိုသည်။
ပုံမှန်ပြေးဆွဲနေသည့် ကားသမားများက လမ်းပိုင်းအခြေအနေကို သိရှိသော်လည်း ရံဖန်ရံခါ ပြေးဆွဲသူများဆိုလျှင် မသိကြကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးက ဆိုသည်။
“ရန်ကုန်၊ မန္တလေးဘက်က ကုန်ကားတွေ ဆင်းလာတာရှိတယ်။ ကုန်ရရှိမှုအပေါ် မူတည်ပြီး ဒီဘက်ဆင်းလာကြတာရှိတယ်၊ အရှိန်နဲ့ မောင်းလာတော့ လမ်းမှာထွက်တားတာကို မသိဘဲ တိုက်မိခဲ့တာမျိုးဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
PDF ရဲဘော်မှာ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့က ဖြစ်ကြောင်း စုံစမ်းသိရသည်။ သို့သော်အဆိုပါအဖွဲ့ကိုမူ Dawei Watch က အဆက်အသွယ်မရသေးပေ။
ယင်းအပြင် ဇူလိုင်လ ၂၀ ရက်ကလည်း အဆိုပါ လမ်းပိုင်းတွင် ဘုရားပန်းများတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး သည် လမ်းကွေ့တစ်နေရာတွင် စက်ချို့ယွင်း၍ ရပ်နားကာ ပြင်ဆင်နေသည့် ကားကို တိုက်မိခဲ့ကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံအချို့ထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ပန်းများတင်ဆောင်လာသည့် ယာဉ်ကားပေါ်က ဧရာဝတီဒေသခံ စပယ်ယာတစ်ဦး အသက်သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။







