ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြစ်ကူး ကမြောကင်းတံတားဂိတ်တွင် လူငယ်များ စစ်မှုထမ်း ဆက်တိုက်စုဆောင်းခံရ

July 23, 2026

ပုံစာ - ထားဝယ် ကမြောကင်းတံတားဂိတ် (ပုံဟောင်း)ဓာတ်ပုံ - Dawei watch

ထားဝယ်မြို့အဝင်ရှိ ထားဝယ်မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၅ ရက်မှ စ၍ ယနေ့ ဇူလိုင် ၂၃ ရက်အထိ ခရီးသွားလူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းဆက်တိုက်စုဆောင်းနေကြောင်း မျက်မြင် တွေ့ခဲ့သည့် မြို့ခံခရီးသွားများက ပြောသည်။

ဇူလိုင်လ ၁၅ ရက်၊ ၂၀ ရက်နှင့် ၂၃ ရက်တို့တွင် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့က ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် လူငယ်များကို အဓမ္မစစ်မှုထမ်း စုဆောင်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ယနေ့တွင် အတက် အဆင်း တံတားနှစ်ခုစလုံးတွင် စုဆောင်းခဲ့ပြီး ခရီးသွားလူငယ်သုံးဦး ထက်မနည်း စုဆောင်းခံရကြောင်း ကိုယ်တိုင် မျက်မြင်တွေ့ရသည့် မြို့ခံခရီးသွားတစ်ဦးက ပြောဆိုသည်။

“လိုက်ထရပ်ကားတစ်စီးကို နားခိုင်းပြီး ကားပေါ်ကနေ ပုဆိုးနဲ့ လူငယ်လေးတစ်ယောက်ကို ဖမ်းခေါ်ခဲ့တာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။ ယင်းအပြင် အခြား လူငယ်အချို့ကိုလည်း ဖမ်းဆီးထားသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

စစ်မှုထမ်းစုဆောင်းသည့်အဖွဲ့တွင် ယနေ့ အရပ်ဝတ် လူပုဂ္ဂိုလ်များလည်း ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ကိုယ်တိုင် မြင်တွေ့ရသည့် ခရီးသွားဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ်၏ စစ်မှုထမ်း စုဆောင်းရေးအဖွဲ့သည် ယနေ့ ဖမ်းဆီးစုဆောင်းခဲ့သည့် ခရီးသွားလူငယ်များကို အဆောက်အအုံတစ်ခုအတွင်းသို့ အဓမ္မထည့်သွင်းနေသည်ကိုလည်း တွေ့ရကြောင်း မြို့ခံအချို့က ပြောဆိုသည်။

“အားကစားဘောင်းဘီဝတ်နဲ့ လူငယ်တစ်ယောက်ကိုဆိုရင် အတင်းတွန်း သွင်းနေတာ။ လူမြင်မှာ စိုးလို့။ တော်တော် သနားဖို့ကောင်းတယ်” ဟု ခရီးသွားအမျိုးသမီး အခြားတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၅ ရက်ကလည်း ကမြောကင်းတံတားဂိတ်၌ပင် လူငယ်ငါးဦးထက်မနည်း အဓမ္မစစ်မှုထမ်းစုဆောင်းခံရကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

“လမ်းသွားရင်းနဲ့ ကြည့်လိုက်တာ လေးငါးခြောက်ယောက်လောက် ရှိတယ်။ သူတို့ ခေါ်ထားတာတဲ့ လူငယ်တွေ” ဟု ခရီးသွားမြို့ခံတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်က စစ်မှုထမ်းစုဆောင်းခံရသူများတွင် လက်သမားလုပ်ရန် လောင်းလုံးဘက်မှ ထားဝယ်သို့ လာသည့် လူငယ်အမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယင်းပြင် ဇူလိုင်လ ၂၀ ရက်ကလည်း အဆိုပါဂိတ်တွင် ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှ လူငယ်တစ်ဦးလည်း စစ်မှုထမ်းစုဆောင်းခံရကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် မြိုခံတစ်ဦးက ဆိုသည်။

“သုံးဘီးပေါ်က ဆွဲချပြီး စစ်မှုထမ်းဆိုပြီး ဖမ်းခဲ့တယ်လို့ သိရတယ်။ သုံးဘီးသမားကိုတော့ ပြန်လွှတ်လိုက်တယ် လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် ကမြောကင်းတံတားတွင် ဇူလိုင်လဒုတိယပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်းကို စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း မျက်မြင်တွေ့သည့် မြို့ခံများ၊ ဖမ်းဆီးခံရသူမိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။