ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်ရေ ညတွင်းချင်း ပြန်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုများ စဖြစ်

August 27, 2026

တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ညတွင်းချင်း ရေပြန်လည်တိုးလာသဖြင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာများတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ယခု ရေတိုးလာမှုသည် ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့(ဩဂုတ် ၂၇) နံနက်ပိုင်းတွင် တနင်္သာရီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာအချို့၌ မြစ်ကမ်းပါးများပြိုကျကာ သစ်ပင်များ လဲကျသွားကြောင်း ရေပေါ်ရွာ ဒေသခံတစ်ဦးက ဆိုသည်။

“မိုးကတစ်နေ့နဲ့တစ်ည တအားရွာလိုက်တယ်။ တအားတိုးလာတယ်။ အသံအကျယ်ကြီးကြားရတယ်။ မနက်ကမြေပြိုတာ ရေပေါ်(ရွာ)မှာကို နှစ်နေရာပြိုကျတယ်။ ပထမအကြိမ်ရေကြီးပြီး ပြန်ဆင်းတုန်းကလည်း မြေတွေ ပြိုသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ထို့အပြင် တနင်္သာရီမြစ်အတွင်းရှိ ဒေသခံများ သီးနှံစိုက်ပျိုးထားသည့် သဲသောင်ကျွန်းများလည်း ရေမြုပ်သွားပြီး မြစ်ကမ်းတစ်လျှောက် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း တကူရွာ ဒေသခံတစ်ဦးက ပြောသည်။

တနင်္သာရီမြစ်ကမ်းဘေးရှိ တကူကျေးရွာအုပ်စုနှင့် ဘန်လောကျေးရွာအုပ်စုတို့ရှိ ကျေးရွာအချို့တွင်လည်း မြေပြိုကျသဖြင့် ကွမ်းသီးပင်များနှင့် သစ်ပင်များ လဲကျကာ မြစ်ထဲသို့ မျောပါသွားကြောင်း ၎င်းက ဆိုသည်။

“ဒီတစ်ခါရေပြန်တက်တာက အရင်တစ်ခေါက်ရေတက်တာထက် ပိုမြန်တယ်။ မိုးတွေလည်းဆက်ရွာနေတော့ ရေကထပ်ကြီးဖို့များတယ်။ ကုန်းမြင့်ပိုင်းစိုက်ထားတဲ့ စိုက်ခင်းတွေလောက်ကျန်ပြီ။ ကျန်တာမြုပ်ကုန်ပြီ” ဟု အထက်ပါ ဒေသခံက ပြောသည်။

တကူရွာမှ သိန္ဓောရွာသို့ သွားသည့် လမ်းပိုင်းတွင်လည်း မြစ်ရေတိုးလာမှုကြောင့် တံတားများ ရေမြုပ်နေသဖြင့် ဒေသခံများမှာ လှေများ၊ဝါးဖောင်များဖြင့်သာ ကူးသန်းသွားလာနေကြရကြောင်း သိရသည်။