ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် ခြိမ်းခြောက် အဓမ္မပြောင်းခိုင်းသဖြင့် သကန်ရွာဟောင်း ရွာလုံးကျွတ်ပြောင်း‌ရွှေ့

August 28, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်ရွာဟောင်းရှိ ‌ဒေသခံများသည် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၂၇ရက် နောက်ဆုံးထားပြီး ရွာမှ အဓမ္မပြောင်းခိုင်းသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၆ရက် ညနေတွင် စစ်အာဏာရှင်တပ်က သကန်ရွာဟောင်းရှိ ဒေသခံများကို ပြောင်းရွှေ့ခိုင်းသဖြင့် ‌‌ဒေသခံများ ညတွင်းချင်း စတင်ရွှေ့ပြောင်းကြရကြောင်း ဒေသခံများက ဆိုသည်။

၂၇ရက်တွင်လည်း ဆက်လက်ပြောင်းရွှေ့ကြပြီး လက်ရှိတွင် ရွာ၌ နေထိုင်သူ မရှိတော့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“တိရစ္ဆာန်တွေကို ထားခဲ့သူများလည်း ရှိတယ်။ လူပဲ အရင်ပြောင်းသွားကြတယ်။ ပြောင်းခိုင်းတော့ ကြောက်ပြီး ပြောင်းရတာပဲ” ဟု အထက်ပါဒေသခံက ပြောသည်။

သကန်ရွာဟောင်းတွင် နေထိုင်သူများသည် ကျွဲ၊ နွား၊ ဆိတ် စသည့် မွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်ကြပြီး ယခုပြောင်း‌ရွှေ့သည့် အနီးဝန်းကျင်ရှိ ရွာများတွင် စားကျက်မြေမရှိသဖြင့် တိရစ္ဆာန်များအတွက် အခက်ခဲဖြစ်နေကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။

“ရွာမှာတွေ့ရင် ပစ်သတ်မယ်လို့ပြောတယ်။ ရွာသားတွေက တော်လှန်ရေးတပ်တွေကိုခေါ်ပြီး သူတို့ (စစ်အာဏာရှင်) ဂိတ်ကို လာပစ်ခိုင်းတယ်လို့စွပ်စွဲပြီး ပြောင်းခိုင်းတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

သကန်ရွာဟောင်းကို သကန်တောင်ပုရွာလမ်းဆုံမှ ဝင်ရောက်ရပြီး သကန်တောင်ပုရွာ ရွှေကြက်ယက်ဘုရားတောင်တွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ရှိသည်။

သြဂုတ်လ ၂၂ရက်တွင် ရွှေကြက်ယက်ဘုရားတောင်ရှေ့ရှိ စစ်အာဏာရှင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။