ကမ္ဘာ့ဖလားကြီး ပြီးဆုံးသွားပြီးတဲ့နောက် ကမ္ဘာ့ဘောလုံးလိဂ်တွေရဲ့ အဆင့်သတ်မှတ်ချက် ထုတ်ပြန်လိုက်ချိန်မှာ မက်ဆီ ကစားသမားဘဝဖြတ်သန်းနေတဲ့ အမေရိကန်မေဂျာလိဂ်က အဆင့် ၁၀ နေရာဆီကို တက်လှမ်းရောက်ရှိလာခဲ့ပါတယ်။
ဒါဟာ အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းအတွက်ရော အင်တာမိုင်ယာမီမှာ ကစားသမားဘဝဖြတ်သန်းလို့နေတဲ့ မက်ဆီအတွက်ပါ ဂုဏ်တက်စရာဖြစ်လာခဲ့ပါတယ်။
အခုမတိုင်ခင်မှာ အမေရိကန်မေဂျာလိဂ်က ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထဲမှာ အဆင့် ၁၀ ထဲကို တစ်ကြိမ်တစ်ခါမှ မဝင်ခဲ့ဖူးပါဘူး။ တစ်ဖက်မှာတော့ ဆော်ဒီအာရေဗျလိဂ်ဟာ ကမ္ဘာ့ဘောလုံးလိဂ်တွေရဲ့ အဆင့်သတ်မှတ်ချက် ၃၆ နေရာအထိ ကျဆင်းရောက်ရှိသွားခဲ့ပါတယ်။
အခုမတိုင်ခင် အဆင့် ၃၀ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ဆော်ဒီအာရေဗျလိဂ်အတွက် ဒါဟာ ထိုးနှက်ချက်တစ်ရပ်ပါပဲ။ ဆော်ဒီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်ရရှိခဲ့တဲ့ ၂၀၃၄ ခုနှစ် မတိုင်ခင်မှာ လိဂ်ရပ်တည်ချက်အဆင့် မြင့်တက်တာကို အလိုရှိနေပါတယ်။
ဆော်ဒီအာရေဗျလိဂ်ဟာ ဘီလီယံနဲ့ချီတဲ့ ပိုက်ဆံအမြောက်အမြား ပုံအောပြီး ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပေမဲ့ ဆော်ဒီပရိုလိဂ်ရဲ့ကမ္ဘာ့အဆင့်ရပ်တည်ချက်က ကျဆင်းသွားလို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
အမေရိကန်မေဂျာလိဂ်ဆီကို မက်ဆီ ပြောင်းရွှေ့ရောက်ရှိလာချိန်ကတည်းက စတင်ခဲ့တဲ့ အရှိန်အဟုန်တွေနဲ့တူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပါ အမေရိကန်ပြည်ထောင်စုက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာတွေဟာ အမေရိကန်မေဂျာလိဂ်ရဲ့ကမ္ဘာ့အဆင့်ရပ်တည်ချက်ကို ထိုးတက်သွားစေခဲ့တာပါပဲ။
ကမ္ဘာ့အဆင့်မီ စူပါစတားတွေရဲ့ ဆွဲဆောင်မှု၊ ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေး တိုးတက်မှုတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့မှုတွေက အမေရိကန်မေဂျာလိဂ်ကို အခုလို အောင်မြင်သွားစေခဲ့တာပါပဲ။







