ကိုလံဘီယာလိဂ်ရဲ့ ဘောလုံးပွဲတစ်ခုဖြစ်တဲ့ အက်သလက်တီကို နေစီယွန်နယ်လ်အသင်းနဲ့ ဂျာဂွာရက်စ် ဒီ ကော်ဒိုဘာ (Jaguares de Córdoba) တို့ရဲ့ ပွဲစဉ်မှာ နှစ်ဖက်ပရိသတ်တွေအကြား ရန်ပွဲဖြစ်လို့ လူ ၂၀ လောက် ဒဏ်ရာရပါတယ်။
ဒါ့အပြင် ပရိသတ် ၂၀၀၀ ကျော်လောက်ကတော့ ရန်ပွဲကို ကြောက်လန့်မှုကြောင့် ကွင်းထဲ ဆင်းပြေးတဲ့အထိ ဖြစ်သွားခဲ့တယ်လို့ Daily Mail Sport က ဖော်ပြထားပါတယ်။
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းဆီက မွန်တဲရီးယားမြို့မှာရှိတဲ့ အက်စတာဒီယို ဟာရာဂူဝေး အားကစားကွင်းမှာ ဒီပွဲကို ကျင်းပခဲ့တာပါ။
အဲ့ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာပဲ အက်သလက်တီကို နေစီယွန်နယ်လ်အသင်းက ၃ ဂိုးပြတ်နဲ့ ဦးဆောင်နေချိန် နှစ်ဖက်အသင်း အားပေးသူပရိသတ်တွေ ရန်ပွဲကြီး ထဖြစ်ခဲ့ပြီး အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့အထိ ကြီးကျယ်သွားခဲ့ပါတယ်။
နှစ်ဖက်အသင်း ပရိသတ်တွေဟာ ပွဲကြည့်စင်ထက်က ထိုင်ခုံတွေ ဖြုတ်ယူပြီး အပြန်အလှန် ပစ်ပေါက်တဲ့အထိ ဖြစ်ခဲ့လို့ ရဲတွေတောင် ရန်ပွဲကို ထိန်းချုပ်ဖို့အတွက် အသည်းအသန် ကြိုးစားလိုက်ရပါတယ်။
ရန်ပွဲကြောင့် ပွဲကို နာရီဝက်လောက် ရပ်နားလိုက်ရတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် ရဲတစ်ယောက်ဟာ ခြေထောက်ထိခိုက်တဲ့ဒဏ်ရာ ရသွားခဲ့ပြီး ပရိသတ် ၂၀ လောက်ကတော့ အသေးစားဒဏ်ရာတွေ ရရှိကာ ဆေးကုသမှုတွေ ခံယူနေရပါတယ်။







