ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတူနေချစ်သူဘဝ ၁၀ နှစ်အကြာမှာ လက်ထပ်လိုက်တဲ့ စီရော်နယ်လ်ဒိုနဲ့ ဂျီအော်ဂျီနာ

August 13, 2026

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုနဲ့ သူ့ရဲ့ကာလရှည်ကြာ အတူနေချစ်သူ ဂျီအော်ဂျီနာတို့ဟာ လက်ထပ်လိုက်ကြပါပြီ။ ဒီအကြောင်းကို စီရော်နယ်လ်ဒိုက သူ့ရဲ့အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးသွားခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုနဲ့ သူ့ရဲ့ချစ်သူ မော်ဒယ်လ်တစ်ဖြစ်လဲ Influencer ဂျီအော်ဂျီနာတို့ဟာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က လက်ထပ်ထိမ်းမြားလိုက်ကြတာပါ။

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့အနားက ကမ်းခြေမြို့လေးဖြစ်တဲ့ ကက်စကိုအစ်မှာ လက်ထပ်လက်စွပ်တွေ လဲလှယ်ပြီး တိတ်တဆိတ် လက်ထပ်လိုက်ကြတာဖြစ်တယ်လို့ BBC က ရေးသားထားပါတယ်။

စီရော်နယ်ဒို နဲ့ ဂျီအော်ဂျီနာ တို့ဟာ လက်ထပ်မင်္ဂလာအခမ်းအနားကို လူသိရှင်ကြား ကြီးကြီးမားမားတွေ ဘာတစ်ခုမှမလုပ်ဘဲ အရမ်းကိုပဲ လျှို့လျှို့ဝှက်ဝှက် ကျင်းပသွားခဲ့တာဖြစ်ပါတယ်။

မင်္ဂလာပွဲကို မိသားစုဆန်ဆန် ကျင်းပခဲ့တာဖြစ်ပြီး ပွဲကိုတက်ရောက်ခွင့်ရရှိသူဆိုလို့ စီရော်နယ်ဒိုရဲ့ သားသမီး ငါးယောက်ပဲ ရှိခဲ့ပါတယ်။

ဂျီအော်ဂျီနာဟာ မက်ဒရစ်မြို့က Gucci ဆိုင်မှာ အလုပ်လုပ်နေစဉ်အခိုက် စီရော်နယ်လ်ဒိုနဲ့ ဆုံဆည်းခွင့်ရခဲ့ပြီး အဲဒီအချိန်ကတည်းက ဒီနေ့ထိတိုင်အတူတကွ လက်တွဲလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာတော့ သူတို့နှစ်ယောက်က တရားဝင် စေ့စပ်ကြောင်း ကြေညာခဲ့ကြပြီး စေ့စပ်ပြီးတဲ့နောက် တစ်နှစ်အကြာမှာပဲ လက်ထပ်ထိမ်းမြားလိုက်တာဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာ သက်တမ်း (၁၀) နှစ်ပြည့်ခါနီးမှာ တရားဝင် လက်ထပ်ထိမ်းမြားလိုက်ကြတဲ့ ဘောလုံးစူပါစတား စီရော်နယ်လ်ဒိုနဲ့ ဂျီအော်ဂျီနာတို့အတွက် ပရိသတ်တွေက ဂုဏ်ပြုစကားတွေ သောင်းသောင်းဖျဖျ ပြောကြားနေပြီလည်းဖြစ်ပါတယ်။