ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စမွတ်စခွန်မြို့ ထလေထိုင်းဈေးအနောက်တွင် မြန်မာနိုင်ငံသားများ မူးယစ်ဆေး ရောင်းချနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် အရပ်ဝတ်ဖြင့် သွားရောက်စုံစမ်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ယင်းအချိန် တိုင်ကြားခံရသူနှင့် ပုံစံဆင်တူသူတစ်ဦးသည် လက်တွင် ပစ္စည်းတစ်ခုကို ကိုင်လျက် ဈေးအနောက် နံရံအနီး ရောက်ရှိလာသဖြင့် ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် မူးယစ်ဆေးဝါးများကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူသည် အသက် ၄၀ နှစ်အရွယ် ကိုဇော် ဆိုသူဖြစ်ပြီး ၎င်းထံတွင် WY မူးယစ်ဆေး ၆၄၀၀ ပြားနှင့် အိုင်းစ်မူးယစ်ဆေး ရှစ် ဂရမ်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ကိုဇော်ကို စစ်ဆေးရာ အထောက်အထားမရှိသူ ဖြစ်နေသဖြင့် မူးယစ်ဆေးဝါး ဖြန့်ဝေမှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ကနဦး အမှုဖွင့်ထားကြောင်း ဖော်ပြသည်။
မူးယစ်ဆေးဝါးတွေ့ရှိမှုနှင့် ပတ်သက်၍ ဆက်စပ်သူများကို ဆက်လက်စုံစမ်း ဖမ်းဆီးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
Ref: Naewna, Joe Joe







