ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ကျ

June 29, 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း ကျဆင်းသွားသည့်အပြင် မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးရရှိသည့် အဆင့်ကနေလည်း ကျသွားကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ အချက်အလက်များအရ သိရသည်။

ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအရ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၀,၅၄၂ ဦး ရှိသည့်အနက် ၅,၉၂၄ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက် ၅၆ ဒသမ ၁၉ ရာခိုင်နှုန်း ရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အမြင့်မားဆုံး ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် စတုတ္ထအဆင့်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

“ဒီနှစ် မွန်ပြည်နယ် အောင်ချက်ကျတယ်။ ပထမ၊ ဒုတိယ၊ တတိယအဆင့်တောင် မဝင်ဘူး ဒီနှစ်က” ဟု အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၅,၉၂၄ ဦးတွင် မော်လမြိုင်မြို့နယ်မှ ၁,၇၄၀ ဦး၊ မုဒုံမြို့နယ်မှ ၉၀၈ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၆၁၆ ဦး၊ ကျိုက်ထိုမြို့နယ်မှ ၅၆၉ ဦး၊ သထုံမြို့နယ်မှ ၄၃၈ ဦး၊ ဘီးလင်းမြို့နယ်မှ ၄၀၆ ဦး၊ ပေါင်မြို့နယ်မှ ၃၈၉ ဦး၊ ချောင်းဆုံမြို့နယ်မှ ၃၇၇ ဦး၊ ရေးမြို့နယ်မှ ၂၆၉ ဦး နှင့် ကျိုက်မရောမြို့နယ်မှ ၁၅၈ ဦး ပါဝင်သည်။

စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူအရေအတွက် ၃၀,၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၁၀,၀၀၀ ဝန်းကျင်သာ ရှိတော့သည်။

အထူးသဖြင့် စစ်ရေးပဋိပက္ခ ပြင်းထန်သည့် ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ အရေအတွက်မှာ သိသိသာသာ လျော့နည်းကျဆင်းသွားကြောင်း သိရသည်။