တနင်္သာရီတိုင်း ထားဝယ်ခရိုင်ဘက်မှတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၉ ဦးကို ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က စိုင်ယွတ်ဒေသ ဝပ်ဖူဖွန်ဘုန်းကြီးကျောင်းအနီးတွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် အုပ်စုလိုက် လမ်းလျှောက်နေသော မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသောနေရာသည် ထီးခီးမြို့နှင့် ကီလိုမီတာ ၅၀ ခန့်အကွာတွင် ရှိသည်။





မြန်မာနိုင်ငံသားများတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ စုစုပေါင်း ၁၉ ဦးကို ပါဝင်ပြီး အားလုံးတွင် တရားဝင် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများသည် တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှတစ်ဆင့် တောလမ်းအတိုင်း တရားမဝင် ဝင်လာကြပြီး ရတ်ချ်ဘူရီခရိုင်သို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
သတ်မှတ်ထားသော နေရာကို ပို့ဆောင်ပေးရန်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကျော် ပွဲစားကိုပေးရကြောင်း ဖမ်းဆီးခံရသူများကဆိုသည်။
ဖမ်းမိထားသူများကို ဥပဒေအရ အရေးယူရန် စိုင်ယွတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Kanchanaburi News, Top News







