ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားခရီးစဉ် ပြေးဆွဲမည်

June 27, 2026

Photo - မော်လမြိုင်ဘူတာကြီး

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ချင်းပြန် ရထားခရီးစဉ်များ ဇူလိုင်လ ၁ ရက်တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါရထားခရီးစဉ်ကို DEMU (Diesel Electric Multiple Unit) လူစီးအမြန်ရထားဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ရန်ကုန်မှ မော်လမြိုင်သို့ အမှတ် ၃၈ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

မော်လမြိုင်-ရန်ကုန် အမှတ် (၈၄) အစုန်ရထားသည် မော်လမြိုင်ဘူတာကြီးမှ မွန်းလွဲ ၁ နာရီတွင် ပြန်လည်ထွက်ခွာမည် ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူများထံမှ သိရသည်။

ရထားလက်မှတ်များကို online စနစ်ဖြင့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်အတွက် ခုနစ်ရက် ကြိုတင်ဝယ်ယူနိုင်ကြောင်း ဆိုသည်။

ရထားလက်မှတ်ခနှုန်းထားသည် မော်လမြိုင်-ရန်ကုန် အထက်တန်းတစ်ဦးလျှင် ကျပ် ၂၂၀၀၀ ဖြစ်ပြီး ပထမတန်း တစ်ဦးလျှင် ၁၆၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းခရီးတွင် စစ်ဆေးမှု များလာခြင်းနှင့် လုံခြုံရေးအခြေအနေတို့အရ ကားလမ်းခရီးထက် ရထားလမ်းခရီးကို ပိုမိုအသုံးပြု သွားလာနေကြကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်ကို ယခင်က နေ့ရော ညပါ လူစီးရထားခရီးစဉ်များ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ရထားလမ်းပိုင်း မိုင်းခွဲခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည့်အတွက် လူစီးညရထား ခရီးစဉ်ကို မြန်မာ့မီးရထားက ဖျက်သိမ်းလိုက်ပြီး နေ့ခရီးစဉ်သာ ပြေးဆွဲနေသည်။

လက်ရှိကာလတွင်မူ ရထားဖြင့် ခရီးသွားလာသူလည်း ပြန်လည်များလာကြောင်း ဒေသခံများထံမှ သိရသည်။

“ရထားနဲ့ ခရီးသွားလာသူတွေ အခုနောက်ပိုင်းတော်တော်များလာတယ်။ လက်မှတ်တွေ မှောင်ခိုတွေ ဘာတွေ ရောင်းကြတဲ့ အထိ ဖြစ်လာတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ပြေးဆွဲမည့် DEMU ရထားသည် ရထားတွဲဆိုင်းတွင် အထက်တန်း နှစ်တွဲ၊ ပထမတန်း လေးတွဲ ပါရှိပြီး အထက်တန်းတွဲတွင် လူ ၇၂ ဦးနှင့် ပထမတန်းတွဲတွင် လူ ၂၄၀ ဦး စီးနင်းလိုက်ပါနိုင်ကြောင်း မော်လမြိုင် ဘူတာကြီးတာဝန်ရှိသူများထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားသည် တိုးကြောင်ကလေး၊ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံနှင့် ပေါင်ဘူတာတို့တွင် ရပ်နားမည်ဖြစ်ပြီး ပြေးဆွဲချိန် ခြောက်နာရီကြာမြင့်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

လက်ရှိ နေ့စဉ်ပြေးဆွဲနေသည့် ရန်ကုန်-မော်လမြိုင် အမှတ် (၈၁) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၇ နာရီခွဲနှင့် မော်လမြိုင်-ရန်ကုန် အမှတ် (၈၂) အစုန်ရထားသည် မော်လမြိုင်ဘူတာကြီးမှ နံနက် ၇ နာရီခွဲတွင် ပြေးဆွဲနေသည်။

Photo – မော်လမြိုင်ဘူတာကြီး