မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအုပ်စုရှိ မွန်ပြည်သစ်ပါတီ (NMSP) ကင်းစခန်းတစ်ခုကို စစ်အာဏာရှင်တပ်က ဝင်ရောက်သိမ်းယူပြီး တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မော့ကနင်ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ (NMSP) ကင်းစခန်းကို မော့ကနင်ကျေးရွာအခြေစိုက် ခမရ (၅၈၈) တပ်ရင်းက ဇွန်လ ၂၂ ရက်တွင် ဝင်ရောက်သိမ်းယူခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“အဲဒီစခန်းမှာ မွန်ပြည်သစ်ပါတီ ရဲဘော်တွေ သိပ်အများကြီး မရှိဘူး။ ၁၀ ယောက် မပြည့်ဘူး။ အခု အဲဒီနေရာမှာ စစ်သားတွေ ဝင်နေရာယူးထားတယ်။ မွန်ပြည်သစ် ရဲဘော်တွေကို ခမရ ၅၈၈ ကို ခေါ်သွားတယ်လို့တော့ သတင်းထွက် နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ခမရ (၅၈၈) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့ဝင် အရေအတွက်နှင့် လက်ရှိ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကိုမူ မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ကင်းစခန်း သိမ်းယူခံရမှု၊ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကို Dawei Watch က အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။
စစ်ကော်မရှင်တပ်သည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။
အထူးသဖြင့် မွန်ပြည်သစ်ပါတီအတွက် ဂျပန်အစိုးရအကူအညီဖြင့် ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်းနေရာကို စစ်အာဏာရှင်တပ်က ဇွန်လ ၁၈ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြီး စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၇၀ ကျော် ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။
မွန်ပြည်သစ်ပါတီ (NMSP) သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တပ်နှင့် ဆက်တိုက် တွေ့ဆုံနေသည့်အဖွဲ့ဖြစ်သည်။
စစ်အာဏာရှင်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုကို လက်မခံသည့် မွန်ပြည်သစ်ပါတီ (NMSP) ထိပ်ပိုင်းခေါင်းဆောင်အချို့က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပါတီက ခွဲထွက်ပြီ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD အမည်ဖြင့် စစ်တပ်ကို ဆန့်ကျင်တော်လှန်လျက်ရှိသည်။
ပုံစာ – မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့များ (ပုံဟောင်း)။







