ထိုင်းနိုင်ငံအတွင်း မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ကျန်းမာရေး စစ်ဆေးထားသော ထောက်ခံစာများကို အတုမပြုလုပ်ကြရန် ထိုင်းအစိုးရက သတိပေးလိုက်သည်။
အလုပ်ရှင်များအနေဖြင့်လည်း ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ရာတွင် ကျန်းမာရေးထောက်ခံစာအတုကို အသုံးမပြုကြရန် ဒုတိယ အစိုးရ ပြောခွင့်ရသူ Patdarasm Thongsaluaykorn က မေလ ၂၄ ရက်နေ့က သတိပေးလိုက်သည်။
အကယ်၍ ဥပဒေကို ဆန့်ကျင်ပြီး ထောက်ခံစာ အတုပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက မည်သူမဆို အရေးယူခံရမည်ဟုဆိုသည်။
ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားအားလုံးသည် အလုပ်သမားမှတ်ပုံတင်ရန်အတွက် ရောဂါခြောက်မျိုးကို အစိုးရဆေးရုံ သို့မဟုတ် တရားဝင် အသိအမှတ်ပြု ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင် စစ်ဆေးမှု ခံယူပြီး ထောက်ခံစာ ရယူရမည်ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများ စစ်ဆေးမှု ခံယူရသော ရောဂါ ခြောက်မျိုးမျာ ဆစ်ဖလစ်၊ ဆင်ခြေထောက်၊ တီဘီအပြင်းအထန်ရောဂါ၊ အနာကြီးရောဂါ၊ မူးယစ်ဆေးစွဲရောဂါနှင့် အရက်စွဲရောဂါများ ဖြစ်ကြသည်။
လက်ရှိတွင် ရွှေ့ပြောင်းအလုပ်သမားများအား လိုင်စင်မရှိသော ဆေးခန်းများက ကျန်းမာရေးထောက်ခံစာများကို တရားမဝင် ထုတ်ပေးနေသည်ကို စစ်ဆေးတွေ့ရှိနေကြောင်း ဒုတိယပြောခွင့်ရသူက ပြောသည်။
အစိုးရက အသိအမှတ်ပြုထားသော ပုဂ္ဂလိက ဆေးရုံဆေးခန်းပေါင်း ၆၃ နေရာရှိသဖြင့် အလုပ်ရှင်များသည် ခရိုင်အလုပ်သမားရုံးတွင်ဖြစ်စေ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးရုံးတွင်ဖြစ်စေ အသိအမှတ်ပြု ဆေးရုံဆေးခန်းစာရင်းကို သွားရောက်စစ်ဆေးနိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ကျန်းမာရေးထောက်ခံစာအတု ပြုလုပ်မှုများကို အစိုးရက စစ်ဆေးနေပြီး တိုင်ကြားရန်အတွက် စင်တာများ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
Ref: Bangkok Post, Khaosod, Thairath







