မွန်ပြည်နယ်လွှတ်တော်တွင် လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦးကို ဖမ်းဆီးပြီး ရေလုပ်သားအဖြစ် ရောင်းစားခဲ့သည့် စစ်မှုထမ်းစုဆောင်းရေးအဖွဲ့ဝင် သုံးဦးကို လူကုန်ကူးမှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်အာဏာရှင်တပ် စစ်သားစုဆောင်းရေးအဖွဲ့ဝင် ဦးတင်သန်းနှင့်အဖွဲ့က ရဲတပ်သား ဇော်ဝင်းထွန်းကို ဇွန် ၁၉ ရက်တွင် ဖမ်းဆီးပြီး ကျိုက္ခမီမြို့ရှိ ရေလုပ်စားပွဲစားထံ ရောင်းစားရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်သားကို ရောင်းစားသည့် အသက် ၅၁ နှစ်အရွယ် ဦးတင်သန်း၊ အသက် ၄၆ နှစ်အရွယ် ဦးတင်မင်းထွဋ်နှင့် အသက် ၃၈ နှစ်အရွယ် ဦးဖြိုးကိုကိုတို့ကို ကျိုက္ခမီ နယ်မြေရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆/၄၄ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းအပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၀ အယောင်ဆောင်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်းအား ရိုက်နှက်မှု၊ ပုဒ်မ ၃၄၂ မတရားဖမ်းဆီးချုပ်နှောင်မှု၊ ပုဒ်မ ၁၁၄ ပူးပေါင်းလုပ်ဆောင်မှုတို့ဖြင့်လည်း အမှုဖွင့် အရေးယူထားကြောင်း ၎င်းတို့က ဆိုသည်။
မော်လမြိုင်မြို့ခံတစ်ဦးကမူ ယခုဖြစ်ရပ်သည် လူသိရှင်ကြား ဖြစ်ရပ်ဖြစ်သဖြင့် မဖြစ်မနေ အရေးယူရခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ဒီသတင်းက လူပြောများနေတော့ အရေးမယူလို့လည်း မရတော့ဘူးလေ။ စစ်တပ်ရဲ့ လုပ်ရပ်တွေက တော်တော်ကို လူမဆန်တော့တာ။ ဒီလိုလုပ်ရပ်တွေကို လုပ်ဖို့ သူတို့ လူတွေကို မွေးထားတာ၊ လုပ်ခွင့်ပေးထားတာ။ ဘယ်သူမှ မသိဘဲ ခံလိုက်ရတဲ့လူတွေလည်း ဘယ်လောက်များမလဲ။ အခု လူသိသွားလို့ အရေးယူတာ ဖြစ်လာတာ” ဟု ၎င်းက ပြောသည်။
ဇွန် ၁၉ ရက် ညနေ ၄ နာရီခန့်က ရဲတပ်သား ဇော်ဝင်းထွန်းသည် မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက် ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်းထိုင်နေစဉ် ဦးတင်သန်းအပါအဝင် သုံးဦးက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။
ရဲတပ်သား ဇော်ဝင်းထွန်းက ၎င်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောဆိုရာ အမျိုးသားသုံးဦးအနက် တစ်ဦးက “ငါ ဗိုလ်မှူးဘဲ” ဆိုပြီး ရဲတပ်သားကို ရိုက်နှက်ကာ ချုပ်နှောင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းပေးပို့ချက်တွင် ဖော်ပြသည်။
ထို့နောက် ရဲတပ်သား ဇော်ဝင်းထွန်းကို သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့သို့ ခေါ်ဆောင်သွားပြီး ရေလုပ်သားပွဲစားထံ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဦးတင်သန်းသည် စစ်အာဏာရှင်တပ် စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်) ၏ တပ်သားသစ်စုဆောင်းရေး တာဝန် (အကူ) စိစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားသူဖြစ်ကြောင်းလည်း ဖော်ပြသည်။







