ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျိုက်ထိုဒေသခံများ ထွက်ပြေးတိမ်းရှောင်

June 22, 2026

ပုံစာ - လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ချောင်းစောင့်ကျေးရွာက နေအိမ်ထိခိုက်ပျက်စီးမှု။ Photo - KNU

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အဆိုပါဒေသခံများကို ကူညီနေသူများက ပြောသည်။

ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ချောင်းစောင့်ကျေးရွာနှင့် အနီးအနားတစ်ဝိုက်ကို စစ်အာဏာရှင်တပ်က ဇွန်လ ၁၈နှင့် ၁၉ နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ချောင်းစောင့်ကျေးရွာနှင့် အနီးအနားတဝိုက်ရှိ ကျေးရွာ ငါးရွာထက်မနည်းက ရာနှင့်ချီသည့်ဒေသခံများက လေကြောင်း အန္တရာယ်ကြောက်ရွံ့နေကြောင်း ထွက်ပြေးတိမ်းရှောင် နေသူများအား ကူညီနေများထံမှ သိရသည်။

“ချောင်းစောင့်မှာ ဗုံးကြဲပြီး နောက်တစ်နေ့မှာလည်း ထပ်ကြဲတယ်။ နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရတယ်။ ထပ်လာမှာ ကြောက်ကြလို့ အခု ရွာမှာ မနေရဲ၊ မအိပ်ရဲကြတော့ဘူး။ ထွက်ပြေးနေရတယ်” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ချောင်းစောင့်ကျေးရွာက ကုန်စုံဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် စောကျော်တင့် ပွဲချင်းပြီး သေဆုံးပြီး ဇနီးဖြစ်သူ နော်လုလုဖောမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် ကုန်စုံဆိုင်တစ်ခုလုံးလည်း မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်ခံရသည့်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခေတ္တရောက်နေချိန်ဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးထက်မနည်းလည်း ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၅ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်က ကျိုက်ထို မြို့နယ်အတွင်း အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာသို့ လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့ကြောင်း KNU သထုံခရိုင်ထံမှ သိရသည်။

လက်နက်ကြီးကျည် လုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် တဂေးချောင်းဖျားကျေးရွာမှ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကြောင်း ဆိုသည်။

ပုံစာ – လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ချောင်းစောင့်ကျေးရွာက နေအိမ်ထိခိုက်ပျက်စီးမှု။

Photo – KNU