ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်လွှတ်တော်က ရဲတပ်သားကို စစ်မှုထမ်းစုဆောင်းရေးအဖွဲ့ဝင်များက ဖမ်းဆီးပြီး လှေလုပ်သားအဖြစ် ရောင်းစား

June 22, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦးကို စစ်အာဏာရှင်တပ် လက်အောက်ခံ စစ်သားစုဆောင်းရေးအဖွဲ့ဝင်တို့က ဖမ်းဆီးပြီး ရေလုပ်သားအဖြစ် ရောင်းစားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

လွှတ်တော်လုံခြုံရေးတာဝန်ကျ ရဲတပ်သား ဇော်ဝင်းထွန်းသည် ဇွန် ၁၉လရက် ညနေ ၄ နာရီခန့်က မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက်ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်း ထိုင်နေစဉ် အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဖမ်းဆီးကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ ဖမ်းဆီးချိန် ရဲတပ်သား ဇော်ဝင်းထွန်းက ၎င်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မလိုက်နိုင်ဟု ပြောဆိုရာ ထိုအမျိုးသား သုံးဦးအနက် တစ်ဦးက‘ငါ ဗိုလ်မှူးပဲ’ ဟုပြောဆိုကာ ရဲတပ်သား ဇော်ဝင်းထွန်းကို ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောဆိုသည်။

ရဲတပ်သား ဇော်ဝင်းထွန်းကို ဆိုင်ကယ်ဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့သို့ ခေါ်ဆောင်သွားပြီး ရေလုပ်သားပွဲစား အမျိုးသမီးတစ်ဦးထံသို့ ‌ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ရဲတပ်သား ဇော်မင်းထွန်းသည် ဗိုလ်မှူးဆိုသူနှင့်အဖွဲ့က ပြောခိုင်းသည့်အတိုင်း ကြိုတင်ငွေ ကျပ် ၁၂ သိန်း တောင်းခံရာမှ အဆိုပါ ပွဲစားက မူမမှန်ကြောင်း ရိပ်မိပြီး ရေလုပ်သားအဖြစ် ရောင်းစားခံရသည်ကို သိရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ရဲတပ်သားကို ရောင်းစားခဲ့သူ သုံးဦးသည် မော်လမြိုင်မြို့တွင် နေထိုင်သည့် အသက် ၅၁ နှစ်အရွယ် ဦးတင်သန်းနှင့် အသက် ၃၈ နှစ်အရွယ် ကိုဖြိုးကိုကို၊ အသက် ၄၆ နှစ်အရွယ် ကိုတင်မင်းထွဋ်တို့ ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါသုံးဦးကို စစ်ဆေးရာတွင် ဦးတင်သန်းထံတွင် စစ်အာဏာရှင်တပ် စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်) ၏ တပ်သားသစ်စုဆောင်းရေးတာဝန် (အကူ) စိစစ်ရေးကဒ်ပြား တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

“ဒီလိုဖြစ်စဉ်မျိုး ဘယ်လောက်တောင် ရှိနေပြီလဲ။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း လူပျောက်တာ ခဏခဏကြားနေရတယ်။ ဒီလိုမျိုးပဲ လူမသိ သူမသိ ဖမ်းသွားပြီးတော့ ကျားဖောင်မှာ ရောင်းစားလိုက်တာလား။ ဒါက စစ်မှုထမ်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ။ စစ်တပ်က သိသိကြီးနဲ့ ပြည်သူကို နည်းမျိုးစုံနဲ့ လုပ်နေတာ” ဟု မော်လမြိုင်မြို့က လူငယ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးတင်သန်း၊ ကိုတင်မင်းထွဋ်နှင့် ကိုဖြိုးကိုကိုတို့ သုံးဦးကို ကျိုက်ခမီမြို့နယ်မြေရဲစခန်းနှင့် အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ ပူးပါင်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။