ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးမြို့နယ်အတွင်း စစ်အာဏာရှင်တပ်စစ်ကြောင်း နှစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်

January 21, 2026

ပုံစာ - မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ – MSRF

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်နေပြီး ဒေသတွင်း လှုပ်ရှားနေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်ကစပြီး စစ်အာဏာရှင်တပ် စစ်ကြောင်းနှစ်ကြောင်းသည် အင်အား တစ်ရာခန့်စီဖြင့် ရေးမြို့နယ်မြောက်ပိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအနက် စစ်ကြောင်းတစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းက ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်နှင့် မွန်တော်လှန်ရေးတပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPDF) တို့က တိုက်ပွဲဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

အလားတူ ဇန်နဝါရီလ ၁၈ ရက်ကလည်း ကနင်ကမော့ကျေးရွာအနီး စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်စစ်ကြောင်း အခြားတစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်အာဏာရှင်စစ်ကြောင်းသည် ဇန်နဝါရီလ ၂၁ ရက်အထိ ရေးမြောင်ပိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ လှည့်ပတ် စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေသည့် အနေအထားရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“ရေးမြောက်ပိုင်းဘက်ကို ဝင်လာနေတဲ့ စစ်ကြောင်း (နှစ်ခု) က အင်အား ၂၀၀ လောက်ရှိမယ်။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်နေတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်။ စစ်ကြောင်းက အခုထိ မထွက်သေးတော့ တိုက်ပွဲက ဆက်ရှိနေဦးမယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းများသည် ဒေသခံများကို စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကျေးရွာထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ၊ နေအိမ်နှင့် အသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကြောင်းထိုးနေဆဲဖြစ်သဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။

“စစ်ကြောင်းတွေ ဝင်လာနေလို့ ခြံလည်း မသွားရဲကြဘူး။ တချို့ဖမ်းဆီးခံနေရတာလည်းရှိတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်မှာ ကြောက်ရတာနဲ့ အဖမ်းခံရမှာ ကြောက်ရတာနဲ့။ စစ်ကြောင်းက တစ်ရွာပြီး တစ်ရွာ ဝင်ထွက်နေတာ အခုက” ဟု ရေးမြောက်ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်အာဏာရှင်တပ်က အပြင်းအထန်ကြိုးပမ်းနေပြီး စစ်အင်အား တိုးချဲ့ထားခြင်း၊ စစ်ကြောင်းထိုးခြင်းများ ဆက်တိုက်ပြုလုပ် နေသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက ရေးမြို့နယ်မြောက်ပိုင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စစ်အာဏာရှင်တပ် စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးသည့်အတွက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့သည်။