ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာ့ စတုတ္ထအကြီးဆုံး ဖြစ်လာမည့် ကြေးခေါင်းလောင်း မွန်ပြည်နယ်တွင် သွန်းလုပ်ရန် စီစဉ်

September 14, 2026

မြန်မာနိုင်ငံတွင် အလေးချိန်အားဖြင့် စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးတစ်လုံးကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေတွင် သွန်းလုပ်ချိတ်ဆွဲရန် စီစဉ်နေကြောင်း အဆိုပါ ကျောင်းတိုက်ထံမှ သိရသည်။

အဆိုပါ ကြေးခေါင်းလောင်းကြီးကို “ရာမည အတုလ ဓမ္မရာဇိက” ဟု ဘွဲ့အမည်ပေးထားပြီး အလေးချိန် ၂၅ တန် (ပိဿာချိန် ၁၅,၃၀၀ ခန့်)၊ အမြင့် ၁၈ ပေနှင့် အကျယ် ၉ ပေ ပမာဏဖြင့် သွန်းလုပ်ရန် ရည်ရွယ်ထားသည်။

ခေါင်းလောင်းတော် ပြီးစီးပါက ကိုရင်လေးဆရာတော်ကျောင်း ပုပ္ဖရမ္မ ဓမ္မရာဇိကစေတီ၊ ဇေတဝန်ကျောင်းတော်နှင့် ပိဋကတ်ကျောက်စာတိုက် ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲထားရှိမည် ဖြစ်သည်။

ခေါင်းလောင်း သွန်းလုပ်မည့် အခြေအနေနှင့် ပတ်သက်၍ ကိုရင်လေးကျောင်းတိုက်မှ တာဝန်ရှိသူ ကပ္ပိယတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ကြေးနီ၊ ကြေးဝါများ အလှူခံနေဆဲသာ ရှိသေးပြီး မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် စတင်သွန်းလုပ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ဖြေကြားသည်။

ခေါင်းလောင်း သွန်းလုပ်ရန်အတွက် အဆိုပါ ကျောင်းတိုက်သို့ ပြည်သူများက ကြေးဖြင့် ပြုလုပ်ထားသည့် ကွမ်းအစ်၊ လင်ပန်း အစရှိသည့် ကြေးထည်ပစ္စည်း အမျိုးမျိုးကို နေ့စဉ် လာရောက်လှူဒါန်းနေကြသည်ကို တွေ့ရသည်။ သို့သော် လှူဒါန်းသည့် ပစ္စည်းများထဲတွင် ရှေးဟောင်းလက်ရာ ကြေးထည်များ ပါဝင်နေသဖြင့် အားလုံးကို မသွန်းလုပ်သင့်ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယင်းဝေဖန်မှုများနှင့် ပတ်သက်၍ အလှူခံရရှိသည့် ကြေးထည်များအားလုံးကို စိစစ်ကာ ရှေးဟောင်းလက်ရာများကို ပြတိုက်ငယ်အသွင် ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ကျန်ကြေးထည်များကိုသာ ခေါင်းလောင်းသွန်းလုပ်ရာတွင် အသုံးပြုမည်ဟု ကိုရင်လေးဆရာတော်က မိန့်ကြားထားကြောင်း ကျောင်းတိုက်ဘက်က ပြန်လည်ရှင်းလင်းထားသည်။

ကိုရင်လေးဆရာတော်သည် မွန်ဒေသအပြင် ထားဝယ်ဒေသတွင်လည်း ဘုရားတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း စသည့် သာသနာပြုလုပ်ငန်းများကြောင့် ထင်ရှားသည့် မွန်ရဟန်းတော်တစ်ပါး ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ အကြီးဆုံး ကြေးခေါင်းလောင်းမှာ ပိဿာချိန် ၅၅,၅၅၅ ရှိသည့် စစ်ကိုင်းတိုင်း မင်းကွန်းခေါင်းလောင်းကြီးဖြစ်ပြီး၊ ဒုတိယအကြီးဆုံးမှာ ရွှေတိဂုံစေတီတော်ရှိ ပိဿာချိန် ၂၆,၀၀၀ ရှိသည့် သာယာဝတီမင်း ခေါင်းလောင်းတော် ဖြစ်သည်။

တတိယအကြီးဆုံးမှာမူ ပိဿာချိန် ၁၆,၀၀၀ ကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်က မန္တလေးတွင် သွန်းလုပ်ကာ စစ်ကိုင်းမြို့ သီရိသုမနချောင် တရားရိပ်သာတွင် ချိတ်ဆွဲထားသည့် သီရိသုမန ခေါင်းလောင်းတော် ဖြစ်သည်။

ယင်းခေါင်းလောင်း မတိုင်မီ ၂၀၁၅ ခုနှစ်က သွန်းလုပ်ခဲ့သည့် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းရှိ ပိဿာချိန် ၁၂,၀၀၀ ရှိ မဟာဝိဇယ ခေမာသီတလ နိဗ္ဗူတဃောသ ကြေးခေါင်းလောင်းသည်လည်း မြန်မာ့တတိယအကြီးဆုံး ခေါင်းလောင်းအဖြစ် တည်ရှိခဲ့ဖူးသည်။

လွတ်လပ်ရေးရပြီးနောက် သွန်းလုပ်ခဲ့သည့် စစ်ကိုင်းနှင့် ထားဝယ်မှ အဆိုပါ တတိယအကြီးဆုံး ခေါင်းလောင်းနှစ်လုံးစလုံးကို မန္တလေးမြို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းက တာဝန်ယူ သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။