၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကတိုက်စစ်မှူးနေရာကနေ ခြေစွမ်းပြခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ လက်ရွေးစင်အသင်းတိုက်စစ်မှူးဟောင်း (ဦး)ဝင်းအောင် ဟာ စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်က ရန်ကုန်မြို့၊ အာယုဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
(ဦး)ဝင်းအောင်ဟာ ၁၉၈၅ ခုနှစ်မှာ မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ကစားခဲ့ရာကနေတစ်ဆင့် မြန်မာ့လက်ရွေးစင် “ငွေခေတ်” ကစားသမားတစ်ဦးအဖြစ် အဆင့်ဆင့် တက်လှမ်းရောက်ရှိလာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စင်ကာပူနိုင်ငံက ကလပ်အသင်းဆီ သွားရောက်ကစားခွင့်ရရှိခဲ့တဲ့အထိ အောင်မြင်မှုကြီးမားခဲ့သူ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် ဖိလစ်ပိုင် ဆီးဂိမ်းစ်၊ ၁၉၉၃ ခုနှစ် ဆီးဂိမ်းစ်၊ ၁၉၉၄ ခုနှစ် အာရှအားကစားပြိုင်ပွဲနဲ့ ၁၉၉၆ ခုနှစ် Tiger Cup ပြိုင်ပွဲတွေမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် နေရာရရှိခဲ့ပြီး အရေးပါတဲ့ ဂိုးတွေကိုလည်း (ဦး)ဝင်းအောင်က သွင်းယူပေးနိုင်ခဲ့ပါတယ်။
သူရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည်ကတော့ တိကျလှပတဲ့ ခေါင်းတိုက်ဂိုးတွေ သွင်းယူပေးနိုင်တာပါပဲ။ ဒါကြောင့်လည်း ပရိသတ်တွေအကြားမှာ ခေါင်းတိုက် ဝင်းအောင် လို့ နာမည်ကျော်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းမှာ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်တို့နဲ့အတူ တွဲဖက်ကစားခဲ့သလို သူတို့ သုံးယောက်တွဲတိုက်စစ်ဟာ အရှေ့တောင်အာရှမှာ သုံးပွင့် တစ်ခိုင် ခေတ်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။
ကစားသမားဘဝမှာ ၁၉၉၃ ခုနှစ်တုန်းက ဆီးဂိမ်းစ် ငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ပြည်တွင်းမှာလည်း ဘဏ္ဍာ/အခွန်အသင်းနဲ့အတူ ချန်ပီယံဆုတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ (ဦး)ဝင်းအောင် ဟာ ဘဏ္ဍာ/အခွန်အသင်း မတိုင်ခင်က ဆောက်လုပ်ရေးအသင်းမှာ ပါဝင်ကစားခဲ့ပြီး အဲ့ဒီကနေမှ ဘဏ္ဍာ/အခွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ကစားသမားဘဝကနေ အနားယူပြီးချိန်မှာလည်း ပြည်တွင်းကလပ်အသင်းတွေနဲ့ ဘောလုံးအကယ်ဒမီတွေမှာ လူငယ်ကစားသမားတွေကို နည်းပြအဖြစ် ပညာအမွေ လက်ဆင့်ကမ်း လေ့ကျင့်သင်ကြားပေးခဲ့ပြီး မြန်မာ့ဘောလုံး အသင်းအဖွဲ့ လှုပ်ရှားမှုတွေမှာလည်း (ဦး)ဝင်းအောင် က တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။







