သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းက ဆီဒတ်နှင့် သိမ်ကုန်းကျေးရွာတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဆီဒတ်ကျေးရွာတွင် အစည်းအဝေးတစ်ရပ် ကျင်းပနေချိန် ဝင်းဝစခန်းက လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
လက်နက်ကြီးကျည် နှစ်လုံး ရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် နေအိမ် ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
ဆီဒတ်ကျေးရွာသည် ဝင်းဝစခန်း၏ အနောက်မြောက်ဘက် သုံးမိုင်ကျော်အကွာတွင် တည်ရှိသည်။
စက်တင်ဘာလ ၁၃ ရက် ည ၁၀ နာရီခန့်တွင်လည်း သိမ်ကုန်းရွာဘက်သို့ ဝင်းဝစခန်းက လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့သေးကြောင်း သိမ်ကုန်းရွာအနီးဝန်းကျင်မှ အမျိုးသားတစ်ဦးက ပြောသည်။
သိမ်ကုန်းကျေးရွာမှာ ဝင်းဝစခန်း၏ တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာတွင် တည်ရှိသည်။
“ညညဆို ကောင်းကောင်း မအိပ်ရဲ။ ဝင်းဝစခန်းက လက်နက်ကြီးနဲ့ လျှောက်ပစ်နေတယ်။ အိမ်ဘေးကို လာကျလို့ အိမ်မှာ အစတွေ လာစင်တယ်လို့ပြောတယ်” ၎င်းက ဆိုသည်။
လက်နက်ကြီးကျည်စ ထိမှန်သည့် နေအိမ်များက ဒေသခံများမှာ အခြားနေရာတွင် ညသွားအိပ်ကြသဖြင့် ထိခိုက်မှု မရှိခဲ့ကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် ဝင်းဝစခန်းအနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေ၊ ဇွန်၊ ဇူလိုင်လတို့တွင်လည်း ရငဲရွာ၌ ရပ်ရွာအစည်းအဝေး၊ မင်္ဂလာဆောင်၊ ဘောလုံးပွဲကျင်းပချိန်တို့တွင် ဝင်းဝစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပွဲများ ပျက်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ – လက်နက်ကြီးနှင့်ပစ်ခတ်နေသော စစ်အာဏာရှင်တပ်(ပုံဟောင်း)







