ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများ အားလုံးကို ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးနေပြီး အခမဲ့ သားဆက်ခြားပေးနေကြောင်း ကာကွယ်ဆေးထိုးနှံပေးနေသော Soidog အဖွဲ့ထံမှ သိရသည်။
ရနောင်းမြို့အတွင်း အိမ်မွေးခွေးများဖြစ်စေ၊ လမ်းဘေးခွေးများဖြစ်စေ ခွေးရူးပြန်ရောဂါ အပါအဝင် ရောဂါ ခြောက်မျိုးကို ကာကွယ်ဆေးထိုးလိုပါက ကြိုတင်ရက်ချိန်း ရယူပြီး အခမဲ့ ဆေးထိုးနှံနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ကာကွယ်ဆေးအပြင် ခွေးများကို သားဆက်ခြားလိုပါကလည်း အခမဲ့ ဆောင်ရွက်ပေးကြောင်း Soidog အဖွဲ့၏ မြန်မာစကားပြန်က ပြောသည်။
“ကာကွယ်ဆေးထိုးတာဖြစ်ဖြစ် သားကြောဖြတ်လိုတာဖြစ်ဖြစ် ဖုန်းကြိုဆက်ရမယ်ပေါ့နော်။ ကျွန်မတို့ဘက်က ရက်ချိန်း ပြန်ပေးပါမယ်။ ရက်ချိန်းရောက်ပြီဆိုရင်တော့ ကျွန်မတို့လာပြီး လုပ်ဆောင်ပေးမယ်ပေါ့နော်။ ခွေးတွေကိုတော့ တစ်ည အစာမကျွေးဘဲ ထားထားရမယ်ရှင့်” ဟု စကားပြန်က ဆိုသည်။
ရနောင်းမြို့တွင် မြန်များလည်း ခွေး မွေးမြူထားကြပြီး မြန်မာများနေထိုင်သည့် နေအိမ်နှင့် တန်းလျားအချို့တွင် ခွေးများကို ကာကွယ်ဆေးထိုးကာ သားကြောဖြတ်ပေးမည့် လက်ကမ်းစာစောင်များ ဖြန့်ဝေနေသည်။
သားဆက်ခြားလိုသော ခွေးများသည် အနည်းဆုံး အသက် နှစ်လနှင့်အထက် ရှိရမည်ဖြစ်ပြီး ၆ နာရီမှ ၈ နာရီအထိ အစာဖြတ်ထားရမည်ဖြစ်ကြောင်း စကားပြန်က ပြောဆိုသည်။
ထို့ကြောင့် ခွေးများကို ကာကွယ်ဆေးထိုးလိုသည်ဖြစ်စေ၊ သားဆက်ခြားလိုသည်ဖြစ်စေ မြန်မာစကားပြန်ဖုန်းနံပါတ် 095-423-9271 သို့ ဖုန်းဆက်၍ ကြိုတင်ရက်ချိန်းရယူပြီး နေထိုင်ရာနေရာအထိ ခွေးများကို လာရောက်ခေါ်ယူပေးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ – Dawei Watch







