ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အဖမ်းအဆီးကြောင့် မွန်စျေးကွက်တွင် ထိုင်းကုန်ပစ္စည်းများ စျေးတက်

September 14, 2026

ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းနေသည့် ကုန်ပစ္စည်းများကို စစ်အုပ်စုက ဖမ်းဆီးနေသောကြောင့် မွန်ပြည်နယ် စျေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းများ စျေးမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူများနှင့် စားသုံးသူအချို့က ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို စစ်အုပ်စုက လိုက်လံဖမ်းဆီးနေပြီး စက်တင်ဘာ ၅ ရက်က ကျိုက်မရောတွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကားအစီး ၆၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှု ရပ်တန့်သွားသည့်အပြင် စျေးကွက် တွင်လည်း ထိုင်းကုန်ပစ္စည်းများ ဈေးတက်သွားကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူများက ဆိုသည်။

လက်ရှိတွင် ထိုင်းကုန်ပစ္စည်း အမျိုးအစားအပေါ်မူတည်ပြီး ကျပ်ရာဂဏန်းမှ ကျပ်ထောင်ဂဏန်း စျေးတက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

တစ်ဘူးဆိုလျှင် ကျပ် ခုနစ်ထောင်ဝန်းကျင်ရှိသည့် စားသုံးဆီမှာ ကျပ်တစ်သောင်းကျော် ဖြစ်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“ပစ္စည်းတွေ ဖမ်းနေတော့ ပစ္စည်းအဝင်တွေလည်း ရပ်ထားကြတယ်။ ဝယ်ပြီးသား ပစ္စည်းတွေ ဆင်းလာမရတော့ လက်ထဲမှာ ရောင်းဖို့ ပစ္စည်းမရှိဘူး။ အခု စျေးမှာ ထိုင်းပစ္စည်းတွေ အကုန်တက်တယ်။ အဓိက စားသောက်ကုန်တွေ စျေးထိုးတက်သွားတယ်” ဟု မော်လမြိုင်က ထိုင်းကုန်ပစ္စည်း ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။

ကုန်ပစ္စည်းအချို့ဆိုလျှင် စျေးကွက်အတွင်း ပြတ်လပ်နေကြောင်း ထိုင်းကုန်ပစ္စည်းရောင်းသူများထံမှ သိရသည်။

မွန်စျေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် အိမ်ဆောက်ပစ္စည်း အများစုသည် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တင်သွင်းခြင်းဖြစ်သည်။

“ထိုင်းပစ္စည်းတွေ စျေးတက်တယ်ဆိုလို့ အသုံးလိုတာတွေ ဝယ်ထားရတယ်။ အခု ဝယ်လို့တော့ ရနေသေးတယ်။ စျေးတော့ တက်သွားတယ်။ စျေးတက်တော့ သုံးစွဲတဲ့ ပြည်သူတွေပဲ ဒုက္ခရောက်ရတယ်။ စျေးတက်လို့ စားတာ၊ သုံးနေတာတွေ ရပ်လိုက်လို့မှ မရတာ” ဟု မုဒုံက အိမ်ရှင်မတစ်ဦးက ပြောသည်။

နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများ၊ ပွဲရုံ၊ ဂိုဒေါင်၊ စျေးကွက်တို့တွင်သာမက မွန်ပြည်နယ် အတွင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း ဖမ်းဆီးနေကြောင်း ထိုင်းကုန်ပစ္စည်းရောင်းချနေသူများက ဆိုသည်။

ပုံစာ – မွန်စျေးကွက်တွင် ထိုင်းကုန်ပစ္စည်းများ စစ်ဆေးနေစဉ် (ပုံဟောင်း)

Photo – စစ်အုပ်စု ပြန်ကြားရေးဌာန။