အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အနောက်တောင်မုတ်သုံလေသည် ယခင်နှစ်များထက် မြန်မာနိုင်ငံမှ စောစီးစွာ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ခန့်မှန်းထားသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များကြောင့် အယ်လ်နီညို ဖြစ်ပေါ်ရခြင်းဖြစ်ပြီး၊ အင်အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ၂၀၂၆ ခုနှစ် ဇွန်လတွင် ရောက်ရှိခဲ့ကာ ယခု စက်တင်ဘာလတွင် အားကောင်းသောအဆင့်သို့ စတင်ရောက်ရှိနေပြီဖြစ်ကြောင်း မိုး/ဇလက သတိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ အယ်လ်နီညိုသည် လာမည့် အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။
အနောက်တောင်မုတ်သုံလေသည် ယခု စက်တင်ဘာလ ၁၄ ရက်မှ ၁၉ ရက်အကြားတွင် မြန်မာနိုင်ငံ အထက်ပိုင်း၊ စက်တင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အကြားတွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁ ရက်အကြားတွင် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အောက်တိုဘာလ ၂ ရက်မှ ၇ ရက်အကြားတို့တွင် တနင်္သာရီတိုင်းမှတစ်ဆင့် တစ်နိုင်ငံလုံးမှ ဆုတ်ခွာသွားမည်ဖြစ်ကြောင်း မိုး/ဇလက ကြိုတင်ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ ၁၆ ရက်တွင်မှ တစ်နိုင်ငံလုံးမှ ဆုတ်ခွာခဲ့ပြီး၊ အယ်လ်နီညိုဖြစ်စဉ် ရှိခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း အောက်တိုဘာလ ၁၅ ရက်တွင်မှ ဆုတ်ခွာခဲ့သဖြင့် ယခုနှစ် မုတ်သုံဆုတ်ခွာမှုမှာ ယခင်နှစ်များထက် စောမည်ဖြစ်သည်။
အယ်လ်နီညိုဖြစ်စဉ်သည် မြန်မာ့မုတ်သုံရာသီကို အားပျော့စေလေ့ရှိသဖြင့် မိုးရွာသွန်းမှု ပျမ်းမျှထက် လျော့နည်းခြင်း၊ မိုးရွာရက် အဆက်ပြတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ဆိုသည်။
မုတ်သုံအဝင်အထွက် စောခြင်း၊ နောက်ကျခြင်းတို့သည် အရှေ့မှ အနောက်သို့ ပုံမှန်စီးဆင်းသည့် ကုန်သည်လေစီးကြောင်းအပေါ် သက်ရောက်မှုရှိသော အယ်လ်နီညို/လာနီညာ ဖြစ်စဉ်များကြောင့်ဖြစ်ပြီး၊ ယင်းဖြစ်စဉ်များ မရှိဘဲ ကြားနေရာသီဥတု ဖြစ်နေချိန်များတွင်မူ မုတ်သုံအဝင်အထွက်မှာ ပုံမှန်အချိန်အတိုင်းသာ လည်ပတ်လေ့ရှိသည်။
၁၉၇၃၊ ၁၉၈၃၊ ၁၉၉၈ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ပြင်းထန်သည့် စူပါအယ်လ်နီညို ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး၊ အထူးသဖြင့် ၂၀၁၆ ခုနှစ် ဖြစ်စဉ်သည် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အပြင်းထန်ဆုံး စူပါအယ်လ်နီညို ဖြစ်ခဲ့သည်။ ယခု ဖြစ်ပေါ်နေသည့် အယ်လ်နီညိုသည် ၂၀၁၆ ဖြစ်စဉ်ထက် ပိုမိုပြင်းထန်နိုင်ပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ၏ နောက်ဆုံး အချက်အလက်များတွင် ဖော်ပြထားသည်။
အယ်လ်နီညိုကြောင့် မုတ်သုံလေ အချိန်စော၍ ဆုတ်ခွာသွားနိုင်သလို မိုးနှောင်းကာလတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်သဖြင့် မိုးခေါင်ရေရှားမှုဒဏ်ကို မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းများဖြစ်သော မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် ပိုမိုသတိပြုကြရန် မိုး/ဇလက သတိပေးထားသည်။
တနင်္သာရီတိုင်းသည်လည်း အီကွေတာနှင့် ပိုမိုနီးကပ်သဖြင့် ၂၀၂၄ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်တွင် အပူချိန်စံချိန်သစ်များ တင်ခဲ့သလို ဒေသအချို့၌ ရေရှားပါးမှုဒဏ် ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတ္တုတူးဖော်မှု များပြားလာသည့် နေရာများတွင် သာမန်နှစ်များ၌ပင် ချောင်းရေ၊ တွင်းရေနှင့် ကန်ရေများ အချိန်မတိုင်မီ ခန်းခြောက်ကာ သောက်သုံးရေရှားပါးသည့်ဒဏ်ကို ၂၀၂၃ ခုနှစ်နောက်ပိုင်းမှစ၍ နှစ်စဉ် ရင်ဆိုင်နေရသည်။
အယ်လ်နီညိုဖြစ်စဉ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် သာမန်ပြည်သူများ၏ လူနေမှုဘဝနှင့်လည်း တိုက်ရိုက်သက်ဆိုင်သဖြင့် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်နိုင်ရန် မိုးလေဝသဌာနများ၏ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်ပြင်ဆင်သင့်ကြောင်း မိုးလေဝသနှင့် စိုက်ပျိုးရေးပညာရှင်များက တိုက်တွန်းထားကြသည်။





