ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဟာချိုင်တွင် ဈေးရောင်းနေသည့် မြန်မာရှစ်ဦး ဖမ်းဆီးခံရ

September 14, 2026

Ref: Samut Sakhon News, Sakhon News

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ကထူးဘင်မြို့နယ်၊ အုန်းနွဲ့ဒေသရှိ ဈေးတစ်ခုအတွင်း ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသား ရှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် အုန်းနွဲ့ဒေသရှိ ခလောခယ်ဈေးအတွင်းသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် အလုပ်သမားရေးရာ ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသားများ လုပ်ကိုင်ခွင့် ကန့်သတ်ထားသည့် အလုပ်များကို လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

တရားဝင် ဆိုင်ရှေ့ဈေးရောင်းခွင့် ကတ်ပြား မရှိဘဲ ဆိုင်ရှေ့တွင် ဈေးရောင်းချနေသဖြင့် ခအရေးယူခံရခြင်းဖြစ်ပြီး ၎င်းတို့အား ကထူးဘင်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအနေဖြင့် ဆိုင်ရှေ့တွင် ဈေးရောင်းချသည့် အလုပ်ကို လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာဌာနတွင် တရားဝင် ဈေးရောင်းခွင့် ကတ်ပြား လျှောက်ထားလုပ်ကိုင်ရမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) မှ ကိုဇော်က ပြောသည်။

“အလုပ်သမားတွေက ကံမကော် (အခြေခံအလုပ်သမား) နဲ့ အလုပ်ဝင်ထားရင် ဆိုင်ရှေ့ ဈေးရောင်းလို့ မရဘူး။ တရားဝင် ဈေးရောင်းမယ်ဆိုရင် အလုပ်ရှင်နဲ့အတူ ကျဟာငန် (အလုပ်သမားရုံး) မှာ ဆိုင်ရှေ့ဈေးရောင်းဖို့ ကတ်ပြား သွားလုပ်ရမယ်။ မလုပ်ထားရင်တော့ အဖမ်းခံရနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း လုပ်ငန်းခွင်များအတွင်း နိုင်ငံခြားသား အလုပ်သမားများကို စစ်ဆေးဖမ်းဆီးမှုများ ပိုမိုတင်းကျပ်လာနေသဖြင့် အလုပ်သမားများအနေဖြင့် စာရွက်စာတမ်းများကို စနစ်တကျ မှန်မှန်ကန်ကန် ပြုလုပ်ထားကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။