ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

September 14, 2026

အပိုင်း (၁၇)

ဖေသွင့်ကိုလည်း ဆရာအဖြစ် ခန့်အပ်စေချင်တာပါပဲ”

ထိုစကားကြောင့် ထွန်းတောက်ထိန်အပါအဝင် ဆရာမအတော်များများက ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြသည်။ သူက နားလေးနေတယ်၊ ကလေးတွေပြောတာကို ဘယ်လိုကြားမှာလဲ၊ ဘယ်လိုနားနဲ့ထောင်ပြီး စာသင်မှာလဲ ဟု ဆရာမများက တစ်ယောက်တစ်ပေါက် ဝင်ပြောနေကြရာ ဆွေးနွေးဝိုင်းလေးသည် ဆူညံသွား၏။ သည်အထဲ တိတ်ဆိတ်နေသူက လေးလေးဖြူတစ်ယောက်သာ ဖြစ်သည်။ ကိုဖေသွင်သည် လေးလေးဖြူ၏ မောင်အရင်းမို့ ဘက်လိုက်မှုမရှိစေရန်အတွက် ဘာမျှ ဝင်မပြောခြင်းဖြစ်တန်ရာ၏။

“ဟုတ်ပါတယ်၊ ဆရာ ဆရာမတို့ပြောတာ မှန်ပါတယ်၊ ကိုဖေသွင်က အကြားအာရုံ မသန်စွမ်း နေတဲ့အတွက် ကလေးတွေကို ပြောတာကို ကြားနိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့်လည်း ကျွန်တော်တို့က ဆွေးနွေးပြီး အဖြေရှာကြရမယ်၊ ကိုဖေသွင်ဆိုတာ အကြားအာရုံ မသန်စွမ်းပေမယ့်လည်း ဘွဲ့ရတစ်ယောက်ဖြစ်အောင် ပညာသင်ယူနိုင်ခဲ့တယ်လေ၊ အကြားအာရုံ မသန်စွမ်းဘဲနဲ့ ဘွဲ့ရတစ်ယောက်ဖြစ်အောင် သင်ယူနိုင်ခဲ့တယ်ဆိုရင် ကိုဖေသွင်ကလည်း ကျောင်းသားကျောင်းသူတွေကို ဘွဲ့ရတစ်ယောက်ဖြစ်အောင် ဘာကြောင့် သင်ပြမပေးနိုင်ရမှာလဲ၊ အကြားအာရုံ မသန်စွမ်းလို့ ပညာသင်ခွင့် မပေးနိုင်ဘူးဆိုရင် နောက်ထပ်လာမယ့်အကြားအာရုံမသန်စွမ်းတဲ့ ကလေးတွေကလည်း ဘာကိုမျှော်ကိုးပြီး ပညာသင်ယူနေကြရမှာလဲ၊ ရှေ့မှာရှိနေတဲ့ ဘွဲ့ရပညာတတ်နေတဲ့အကြားအာရုံမသန်စွမ်းသူကို အခွင့်အရေးပေးနေတာ မတွေ့ရဘူးဆိုရင် နောင်လာမယ့်အကြားအာရုံမသန်စွမ်းကလေးတွေက မျှော်လင့်ချက် မရှိတော့ဘူးဆိုပြီး ပညာကို သင်ယူချင်ကြမှာ မဟုတ်တော့ဘူးလေ၊ ဒီတော့ ကျွန်တော်တို့က လူကြီးလူကောင်းပီပီ အကြားအာရုံမသန်စွမ်းသူတွေအတွက် ထည့်သွင်းစဥ်းစားပေးရမယ်”

“ဟုတ်ပါပြီဆရာရယ်၊ ဆရာဘယ်လိုလုပ်ချင်သလဲပဲ ဆက်ပြောပါဦး”

ထွန်းတောက်ထိန် ဟန်မဆောင်နိုင်တော့လောက်အောင် စိတ်မရှည်နိုင်တော့ပေ။

“ဟုတ်ကဲ့ အဖြေရှာထားသလောက်တော့ ကိုဖေသွင်က အတန်းငယ်လေးတွေအတွက် ဘယ်လိုမှ မသင့်တော်ဘူး၊ ဘာလို့ဆို ကလေးတွေပြောတာကို ကြားဖို့ လိုကိုလိုအပ်လို့ပါပဲ၊ အတန်းကြီးတွေကျတော့ ကလေးတွေ ပြောတာကို ကိုဖေသွင်က ကြားဖို့ သိပ်မလိုအပ်ဘူး၊ ကိုထေသွင်သင်ပြတာကိုပဲ ကလေးတွေ ကြားဖို့ လိုအပ်တာပါ၊ ဒါ့ကြောင့် ကိုဖေသွင့်အတွက် အတန်းကြီးတွေနဲ့ သင့်တော်တယ်၊ ဘာသာကလည်း မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒဘာသာတို့နဲ့ သင့်တော်တာပေါ့၊ အင်္ဂလိပ်၊ သင်္ချာတို့နဲ့ မသင့်တော်ဘူး”

ဦးချိန်တင်ရှင်းပြသည်ကို ဆရာမအားလုံးက စူးစိုက်နားထောင်ကြသည်။ ယုတ္တိရှိသည်ဆိုပြီး ခေါင်းတညိတ်ညိတ် လုပ်ကြသည်။ စိတ်မရှည်နိုင်ဖြစ်နေသူကတော့ ထွန်းတောက်ထိန်တစ်ယောက်သာ ဖြစ်သည်။

“ဆရာပြောတာတွေက ယုတ္တိရှိတဲ့အတွက် လက်ခံပါတယ်၊ ဆရာ့စကားက ဖောက်ထွက်ရာရောက်တဲ့အထိကို ကောင်းမွန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ကျောင်းမှာ ကိုဖေသွင်လို နားလေးတဲ့ ကျောင်းသူကျောင်းသား တစ်ယောက်မှ မရှိဘူးထင်တာပဲ”

ထွန်းတောက်ထိန်က ပြောရင်း ဆရာမအားလုံးထံ ရှိသလားဆိုသော မေးခွန်းပါသည့် အကြည့်ဖြင့် လှည့်ပတ်ကြည့်သည်။ ဆရာမတွေကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မရှိဘူး၊ မရှိပါဘူးဆိုပြီး ခေါင်းရမ်းကြသည်။

“ကဲ ဆရာမြင်တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ကျောင်းမှာ ကိုဖေသွင်လို နားလေးတဲ့ ကျောင်းသားတစ်ယောက်မှ မရှိပါဘူး၊ ဒီတော့ ဆရာပြောတာကို ကျွန်တော်တို့ ထည့်သွင်းစဥ်းစားပေးဖို့ မလိုဘူးထင်တာပဲ၊ တကယ်လို့ ကိုဖေသွင်လို နားလေးတဲ့ ကျောင်းသားတစ်ယောက်ယောက်ရှိလာရင်တော့ ထည့်သွင်းစဥ်းစားပေးပါ့မယ်၊ အခု ကျွန်တော် ထည့်သွင်းစဥ်းစားမပေးရတာကလည်း အကြောင်းရှိလို့ပါဆရာ၊ ကျောင်းမှာက ဆရာမတွေ လုံလောက်နေပြီလေ၊ ဆရာမအားလုံးကလည်း ကိုဖေသွင်လို အားနည်းချက်ရှိသူတွေ မဟုတ်ကြဘူး၊ အားနည်းချက်မရှိသူတွေရဲ့ နေရာမှာ အားနည်းချက်ရှိသူကို ထည့်သွင်းလိုက်ရင် မကောင်းကျိုးပဲ ဖြစ်မယ်၊ ဒီတော့ လိုအပ်ချက် မရှိတဲ့နေရာမှာ မလိုအပ်သေးသူကို ကျွန်တော်တို့ ထည့်သွင်းစဥ်းစားမပေးနိုင်သေးဘူးဆရာ၊ ဆရာ့ကိုသာ CDM လည်း ဖြစ်နေလို့၊ ရွာမှာပဲ နေနေတော့တာမို့ ထည့်သွင်းစဥ်းစားပေးနေတာပါဆရာရေ”

ထွန်းတောက်ထိန်၏ စကားကြောင့် ဦးချိန်တင်၏ မျက်နှာကြီးသည် နီးမြန်းသွား၏။ နှုတ်ခမ်းတို့သည်လည်း ဆွံ့အ သွားလေတော့သည်။ ထိုစကားနှင့်တင် ဦးချိန်တင်ကို အလိုမရှိကြောင်း ဦးချိန်တင်သိလိုက်သည်။ သိသိလိုက်ချင်းမှာပဲ ဆရာမလေးများရဲ့ မျက်နှာများကို လှည့်ကာ ဖတ်ကြည့်လိုက်သည်။ သူတို့သည် ဦးချိန်တင်က ဖတ်နေမှန်း သိသဖြင့် မျက်လွှာကလေးများကို ချထားသည်။ သူတို့၏ နှုတ်ခမ်းများသည် ပြုံးတုံ့တုံ့ ဖြစ်နေကြသည်။ ရယ်ချင်သည်ကို အောင့်ထားသည့် အပြုံးမျိုး။

ကျေနပ်သည်ကို မျိုသိပ်ထားသော မျက်နှာထားမျိုး။ ဒါဖြင့် သည်ကောင်မလေးတွေကလည်း ဦးချိန်တင်ကို အလိုမရှိကြဘူးပေါ့။ သည်ဆရာမတွေထဲမှာ အသက် လေးဆယ်ကျော်စရှိသော ဒေါ်ဖြူပြာကလွဲလျှင် ထွန်းတောက်ထိန်အပါအဝင် အားလုံးသည် ဦးချိန်တင် သင်ပြပေးခဲ့သော တပည့်လေးများပဲ ဖြစ်သည်။

သည်ကာလကလေးအတွင်းမှာပင် သည်လူငယ်ကလေးတွေ သည်လောက် ပြောင်းလဲသွားကြသည်ကို သိလိုက်ရသောအခါ ဦးချိန်တင် အံ့သြမိသည်။ မိမိတပည့်ကလေးတွေ သည်လို လူစားမျိုး ဖြစ်နေခြင်းက သင်ပြပေးခဲ့သော ဆရာအပေါ်မှာ မူတည်သည်။ သည့်ကြောင့် ဦးချိန်တင်မှာ တာဝန်ရှိသည်။ အလျင်ကဆို သည်ကလေးတွေဟာ အလွန် လိမ္မာရေးခြားရှိပြီး သိမ်မွေ့ကြသူကလေးတွေ။ သည့်ကြောင့်လည်း ဆယ်တန်းအောင် ဘွဲ့ရပြီး ပညာတတ်ကလေးတွေ ဖြစ်နေကြသည်ပဲ။

ပညာတတ်လို့ ဆရာ ဆရာမတွေတောင် ဖြစ်နေကြပြီ။ သည့်ကြောင့် သည်လိုပြောင်းလဲသွားရခြင်းသည် ဦးချိန်တင်၏ သင်ပြမှုများကြောင့် သိပ်ပြီးတော့ မဖြစ်နိုင်။ လူတွေသည် လုပ်ပိုင်ခွင့်များ ရှိလာသောအခါ စိတ်ထားများသည် ပြောင်းလဲသွားတတ်ကြသည်ကို ဦးချိန်တင် သိထားသည်။ ယခု သည်ကလေးတွေ လုပ်ပိုင်ခွင့် ရသော ကာလတိုကလေးမှာပဲ အာဏာ၏ လက်ပါးစေများ ဖြစ်ကုန်ကြပြီလား။ အာဏာအရှိန်အဝါကြားမှာ ပျော်ဝင်နေကြပြီလား။ ယခုတော့ မျက်ဝါးထင်ထင် မြင်လိုက်ရပြီ။

သည်လူငယ်ကလေးတွေ သည့်ထက်ပိုပြီး မပျက်စီးစေချင်သည့်အတွက် “ဆရာ့ကိုသာ CDM မို့လို့ ထည့်သွင်းစဥ်းစားပေးနေတာပါ” ဆိုသောစကားကို အောင့်သက်သက် ခံစားလိုက်ရပေမယ့် သည်းခံရမည်။ ပြောင်းလဲပေးလို့ ရလိုရငြား ပြောင်းလဲပေးရမည်။ သည့်ကြောင့် ဦးချိန်တင်ကပဲ စကားစလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဒါဆို ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်တို့ကို အရင်ဆုံး ကမ်းလှမ်းလိုက်ပါဦး၊ သူတို့ဆီက အဖြေကို သိရမှ ဆက်ဆွေးနွေးကြတာပေါ့”

“ကောင်းပါပြီဆရာ၊ ဒါဆို အစည်းအဝေးကို ဒီလောက်နဲ့ လက်စသတ်လိုက်ကြတာပေါ့”

ဦးချိန်တင်နှင့်အတူ ဒေါ်ဖြူပြာ၏ အပေါင်းအပါတစ်သိုက်လည်း ထပြန်သွားကြ၏။ အဝင်းတို့သူငယ်ချင်းတစ်သိုက်ကတော့ နေရစ်ကြသည်။ ဦးချိန်တင်တို့ မြင်ကွင်းကနေ ပျောက်သွားခိုက် အဝင်းတို့တစ်သိုက်သည် ဟန်မဆောင်နိုင်လောက်အောင် ရယ်မောလိုက်ကြသည်။ အစည်းအဝေးပွဲ၌ မျိုသိပ်ထားခဲ့ရသော ရယ်ချင်စိတ်ကို လွတ်လပ်သွားချိန်၌ ပွင့်အန်ထွက်ကျပစ်လိုက်ကြတော့သည်။

“ညည်းတို့ မြင်လိုက်လားအေ၊ ဆရာ့ကိုတောင် CDM မို့လို့ ထည့်သွင်းစဥ်းစားပေးနေတာပါလို့ ကိုထွန်းတောက်ပြောလိုက်တော့ ဦးချိန်တင်ရဲ့ ဖြစ်ပျက်သွားတဲ့ မျက်နှာကြီးကိုလေ၊ ငါတော့ ရယ်ချင်တာကို မနည်းမျိုသိပ်ထားလိုက်ရတာအေ”

ဒေါ်နီလာက ပြောလိုက်တော့ အဝင်းတို့တစ်သိုက်က ဟက်ဟက်ပက်ပက်ရယ်ကြသည်။

“ဟုတ်ပါ့တော်၊ ညည်း နားနားကပ်ပြောတဲ့ စကားအတိုင်း မှန်ချက်ပဲအေ၊ စတောင် မစရသေးဘူး အာဏာရှင်ဆန်နေပြီ၊ သူပြောပုံက ကျွန်မတို့တစ်ကျောင်းလုံးကို သူပိုင်သွားတဲ့အတိုင်းပဲ၊ အာဏာမသိမ်းခင်ကတည်းက ရှိနေတဲ့ သူ့ရဲ့အဲ့ဒီအာဏာရှင်စိတ်ကြီးကကို မပျောက်နိုင်တာ၊ ပျောက်နိုင်တော့မယ်လည်း မထင်ပါဘူးအေ”

“အဝင်းရယ် အဲ့လောက်ကြီးလည်း မပြောပါနဲ့၊ အိုကေ ဆရာမတို့ပဲ ပြောနှင့်ကြ၊ ကျွန်တော်ပြန်တော့မယ်”

ထွန်းတောက်ထိန်က အဝင်းကို ဝင်ကာပေးရင်း ထသွားသည်။ ကျန်ခဲ့သော ဆရာမတစ်သိုက်ကတော့ စကားပြောကောင်းကြတုန်း။

“ဟိုနေ့က ဆွေးနွေးခဲ့ရတဲ့ စကားတွေအတိုင်း မပြောလိုက်ရတာ နာတယ်အေ၊ သူများတွေ အခက်အခဲကြားကနေ ကျောင်းဖွင့်စဥ်က ဝင်မပါဘဲနဲ့ အခက်အခဲမရှိတော့တဲ့အခါကျမှ အချောင်ယူတဲ့သဘောနဲ့ ဆရာကြီးဝင်မလုပ်ပါနဲ့လို့လေ”

ဒေါ်ကြည်သာဆွေက ဝင်ပြော၏။

“နောက်တစ်ခါ ဆွေးနွေးပွဲကျရင်တော့ ပြောခွင့်ကြုံမလားပဲ၊ ညည်းတို့မမေ့နဲ့နော်၊ ဆရာ စာဝင်သင်မယ်ဆိုရင် ကျွန်မတို့နဲ့ တန်းတူပဲ နေရမယ်လို့၊ ကျောင်းအုပ်ရာထူးတွေ တောင်းဆိုလာရင်တော့ အပြင်းအထန်ကန့်ကွက်ရမယ့်အကြောင်း”

အဝင်းက သတိပေး၏။ ပြီးနောက် ဒေါ်ကြည်သာဆွေက ဝင်ပြော၏။

“သူ့ဘာသာ ဘယ်လောက်ပဲ CDM ပါစေပေါ့အေ၊ နောက်မှ ရောက်လာပြီး အထက်ကို မျှော်လင့်ချင်လို့ ဘယ်ရမလဲ၊ ပြောလိုက်ရင် CDM၊ CDM နဲ့ကို ပါးစပ်က မချဘူး၊ CDM တွေကလည်းအေ CDM ဖြစ်တာနဲ့ကို အခွင့်အရေးတွေ သိပ်လိုချင်ကြတာ၊ သူတို့က နဂိုက ဝန်ထမ်းဖြစ်နေလို့သာ ကံကောင်းပြီး CDM ဖြစ်နေကြတာပါ၊ ကျွန်မတို့လည်း ဝန်ထမ်းဖြစ်ခဲ့ရင် CDM ဝင်ကြမှာပါပဲအေ၊ ကျွန်မကတော့ CDM ဖြစ်တာနဲ့ပဲ သူတို့တောင်းဆိုသလောက်ကြီးတော့ မတောင်းဆိုပါဘူးတော်”

“ဟုတ်ပါ့အေ၊ သူတို့ CDM ဖြစ်တာနဲ့ပဲ ကျွန်မတို့က ထိုင်ရှိခိုးပေးရမယ့် အချိုးမျိုးကို ချိုးနေကြတာ၊ CDM ဝင်တိုင်း အာဏာရှင်ကို ရွံမုန်းလို့ CDM ဝင်ကြတာမှ မဟုတ်တာ၊ အခုလို စိုးမိုးနယ်မြေတွေမှာဆို PDF ကြောက်ရလို့ မတတ်သာလို့ CDM ဝင်ကြသူတွေလည်း ရှိတာပဲလေ၊ အဲ့ဒီတော့ CDM တိုင်းကို အခွင့်အရေးပေးကြေးဆို အဲဒီလို မတတ်သာလို့ CDM ဝင်သူတွေကိုလည်း ကျွန်မတို့က အခွင့်အရေးတွေ စုပြုံပေးနေရမှာလား”

“အေးလေနော့၊ အခုလို စိုးမိုးနယ်မြေဖြစ်အောင် လုပ်နိုင်တာက ဝန်ထမ်းတွေ CDM ဝင်လို့ချည်းမှ မဟုတ်တာ၊ ကျွန်မတို့လို ပြည်သူတွေရဲ့ ထောက်ပံ့မှုကြောင့်လည်း ပါတာပဲလေ”

“အေးလေ အေးလေနော့၊ ပြီးတော့ ဟိုကောင်မ ဒေါ်လေးလေးဖြူကလည်း ဘာလုပ်လုပ် ကျွန်မတို့ကို တိုင်ပင်ဖော်ကို မရဘူးနော်၊ သူ့တစ်သဘောတည်းချည်း ဆုံးဖြတ်နေတာ၊ တကယ်ဆို ဦးချိန်တင်ကို ခေါ်ဖို့ကိစ္စကို ကျွန်မတို့နဲ့လည်း တိုင်ပင်သင့်တာပေါ့၊ မတိုင်ပင်ဘဲ ကိုထွန်းတောက်ကို သွားပြောမှတော့ အခုလို အစည်းအဝေးတွေ လုပ်ရတော့ပဲ”

“ဟုတ်ပါ့အေ ဟုတ်ပါ့၊ သူကတော့ CDM ချင်းချင်းဆိုပြီး စာနာလို့နေမှာပေါ့အေ၊ ဦးချိန်တင်အကြောင်း သူမှ မသိတာကိုး၊ ကျွန်မတို့သာ ဦးချိန်တင့်လက်အောက်မှာ မူကြိုဆရာမ လုပ်ဖူးတော့ အဲ့လူကြီး ဘယ်လောက်အာဏာရှင်ဆန်တာ သိနေရတာ အမလေးတော် မပြောလိုက်ချင်ဘူး”

“အေးနော်အေ၊ သူ့မောင် ဟိုသောက်ခြောက်ကို စာသင်ဖို့အတွက် ကမ်းလှမ်းသင့်တယ်လို့ပြောတာကို ဝင်မထောက်ခံတာပဲ တော်ပါသေးရဲ့အေ”

“အဲ့ဒီ ဦးချိန်တင်ကလည်း ရူးများနေလားမသိ၊ ဆယ်ခွန်းပြောရင်တောင် မကြားလို့ စာရေးပြီး ပြောပြနေရသူကို ဆရာခန့်ဦးမတဲ့၊ သူ နားလည်အောင် စာရေးပြီး ပြောပြနေရတာနဲ့တင် စာသင်ချိန်တောင် ကျန်မှာမဟုတ်ဘူး”

အဝင်းတို့ ဆရာမတစ်သိုက်ကတော့ ပြောမဆုံးပေါင် တောသုံးထောင်နှင့် ကျန်နေရစ်ခဲ့ကြသည်။


နောင်နေ့တွင် ထွန်းတောက်ထိန်သည် ဦးချိန်တင်ပြောသည့်အတိုင်း CDM ဆရာ ဆရာမများဖြစ်သော ဦးကြည်ဆန်းနှင့် ဒေါ်ကြည်လင်တို့ကို စာသင်ဖို့အတွက် ကမ်းလှမ်းဖိတ်ခေါ်ရန်အတွက် အဆက်အသွယ်လုပ်ဖို့ စီစဥ်ရသည်။ ဖုန်းနံပါတ် မရှိသဖြင့် သူတို့မိသားစုများထံ သွားတောင်းရသည်။

သူတို့၏ မိသားစုဝင်များလည်း အကြောင်းအရင်းကို ပြောပြသည်။ မိသားစုဝင်များကိုယ်တိုင်လည်း စာသင်ပေးဖို့အတွက် ဖျောင်းဖျပေးပါရန် တောင်းဆိုသည်။ မိသားစုဝင်များကလည်း ဖျောင်းဖျပေးမည်ဟု ဆို၏။ ဖျောင်းဖျဖို့ရာအတွက် တစ်ပတ်ခန့် အချိန်ပေးထားလိုက်သည်။ သေချာစဥ်းစား ဆုံးဖြတ်ရန်အတွက်ဖြစ်သည်။

ထိုအချိန်အတောအတွင်း နောင်နှစ်စာ ကျောင်းဖွင့်ဖို့အတွက် လုပ်စရာရှိသည်များကို လုပ်ရသည်။ ကျောင်းသုံးစာအုပ် ဝယ်ရ၊ ကျောင်းအပ်ရနှင့်ဖြစ်သည်။ တစ်ပတ်ခန့်ကြာပြီးမှ ထွန်းတောက်ထိန်ကိုယ်တိုင် ဖုန်းလိုင်းကောင်းသော နေရာသို့သွားကာ ဦးကြည်ဆန်းနှင့် ဒေါ်ကြည်လင်တို့ထံ ဆက်သွယ်ရသည်။

သည်အချိန်လောက်ဆို သူတို့နှစ်ဦးစလုံး သေချာစဥ်းစားဆုံးဖြတ်ပြီးလောက်ပြီ။ နှစ်ဦးစလုံးနှင့် ဆက်သွယ်ပြီးသွားသည့်အခါ၌ နှစ်ဦးစလုံးထံမှ အခြေအနေအရပ်ရပ်နှင့် အဖြေကို ကြားသိခဲ့သည်။ နှစ်ဦးစလုံး၏ အဖြေနှင့် အခြေအနေအရပ်ရပ်ကို ကြားသိရသောအခါ ဆရာ ဆရာမများ အားလုံး စုစည်းပြီး ဆွေးနွေးပွဲလုပ်ဖို့ စီစဥ်ရပြန်သည်။ လူစုံသည့်အခါ၌ ထွန်းတောက်ထိန်ကပဲ စကားစလိုက်သည်။

“ကျွန်တော် ဆရာဦးချိန်တင်ပြောသလို ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်တို့ကို ကမ်းလှမ်းလိုက်ပြီးပါပြီ၊ ဆရာနဲ့ဆရာမတို့ကို သေချာ စဥ်းစားဆုံးဖြတ်စေချင်လို့ အချိန်တစ်ပတ်ခန့် ပေးခဲ့ပါတယ်၊ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း စာသင်ဖို့ကို ဖျောင်းဖျပေးစေခဲ့ပါတယ်၊ တစ်ပတ်ခန့် ကြာပြီးတဲ့အခါမှ ဆရာ ဆရာမတို့က သေချာစဥ်းစားပြီးပြီဖြစ်ကြောင်း အဖြေပေးခဲ့ပါတယ်”

“ဘာတဲ့လဲ”

ဦးချိန်တင်က စိတ်ဝင်တစား မေးလိုက်သည်။

“နှစ်ဦးစလုံးကတော့ ကမ်းလှမ်းတဲ့အတွက် ဝမ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်တယ်၊ CDM တွေကို အခွင့်အရေးပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်တဲ့၊ ဦးကြည်ဆန်းကတော့ ရောက်ရာအရပ်မှာ စီးပွားရေးလုပ်နေပြီ၊ အဆင်လည်း ပြေနေပြီမို့လို့ ကမ်းလှမ်းမှုကို ငြင်းလိုက်ပါတယ်၊ စီးပွားရေး မပြေလည်လို့ ပြန်လာတဲ့အခါကျ အခွင့်အရေးရှိသေးရင် ဝင်လုပ်ပါ့မယ်တဲ့၊ ဒေါ်ကြည်လင်ကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ပြည်ပထွက်ဖို့ စီစဥ်နေတယ်လို့ ပြောပါတယ်ခင်ဗျ၊ ဒါပေမယ့် ဒေါ်ကြည်လင်ကတော့ အထူးတောင်းဆိုသွားတယ်၊ သူတို့ ပြည်ပထွက်မယ့်ကိစ္စကို ဆရာ ဆရာမတွေကလွဲလို့ ဘယ်သူ့ကိုမှ မပြောဖို့ တောင်းဆိုသွားတာပါ၊ သူက CDM မို့လို့ ဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူ့ကိုမှ မသိစေချင်လို့ပါတဲ့၊ ဒါ့ကြောင့် ဆရာ ဆရာမတို့အနေနဲ့ နှုတ်လုံပေးဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်တော်ပြောတာကို မယုံရင် သူတို့မိသားစုဝင်တွေကို မေးမြန်းကြည့်နိုင်ပါတယ်”

“ဪ ဟုတ်ကဲ့ ကျွန်တော်တို့ ယုံပါတယ်”

“ဟုတ်ကဲ့ပါရှင်၊ ကျွန်မတို့ နှုတ်လုံပေးပါ့မယ်”

ဆရာ ဆရာမများအားလုံးက ခေါင်းတညိတ်ညိတ်နှင့် ကတိပေးကြသည်။

“ကဲ ဒါဆို ဆရာ ဆရာမတို့ အကြောင်းစုံ သိသွားပြီဆိုရင် လက်ရှိဆရာ ဆရာမတွေနဲ့ပဲ စာသင်ဆက်သင်ကြတာပေါ့၊ အခု ဆရာကြီး ဦးချိန်တင် ရောက်လာပြီဆိုတော့ စာသင်ကြိမ်ရေကို လျှော့ချလိုက်မယ်၊ ခွဲပြီး သင်ကြမယ်၊ အစက ဆရာမတို့က သင်ကြားကြိမ်ရေ ၇ ကြိမ်စီ ယူထားတာဆိုတော့ တစ်ကြိမ်လျှော့မယ်၊ အဲ့တစ်ကြိမ်အစား ဆရာကြီးက ဦးချိန်တင်က သင်ကြားပေးပေါ့”

“ခြောက်ကြိမ်စီ သင်ကြရမှာပေါ့နော်”

“ဟုတ်ပါတယ်ဆရာကြီး”

“ခြောက်ကြိမ်ဆိုတာ ကျွန်တော့်အတွက် များလွန်းပါတယ်ဆရာရယ်”

ဦးချိန်တင့်စကားကြောင့် အားလုံးက ဦးချိန်တင်ထံ အကြည့်ပို့လိုက်ကြသည်။

“ဘာဖြစ်လို့လဲဆရာ”

“ကျွန်တော့်အသက် (၅၇) နှစ်ထဲ ရောက်နေပါပြီ၊ တစ်နေ့ ခြောက်ကြိမ်သင်ရမှာကျတော့ ကျွန်တော့်အတွက် ပင်ပန်းလွန်းလို့ပါ၊ အခုကာလက နွေကာလကြီးဆိုတော့ ပူပြင်းတဲ့ ဒဏ်ကိုလည်း မခံနိုင်တော့ဘူးလေ”

“ဒါဆို ဆရာက ဘယ်နှကြိမ်လောက်ပဲ သင်ပေးချင်တာလဲ”

“မနက် နှစ်ကြိမ်၊ ညနေ တစ်ကြိမ်လောက်ပေါ့”

“ဒါဆို ဆရာက လစာ လျှော့ယူမှာလားရှင်”

ဒေါ်နီလာက အလောတကြီး ဖြတ်ဝင်မေးလိုက်၏။

“လစာတော့ ဆရာမတို့နဲ့ တန်းတူပဲ ယူချင်ပါတယ်”

“ဒါတော့ ကျွန်မတို့ လက်မခံနိုင်ဘူးရှင်၊ ကျွန်မတို့နဲ့ လစာတန်းတူယူချင်ရင် စာသင်ကြိမ်ရေကိုလည်း တန်းတူသင်ပေးမှ မျှတမှာပေါ့ဆရာ”

ဒေါ်ကြည်သာဆွေက ဝင်ထောက်၏။

“ဒါတော့ ကျွန်တော့်အသက်အရွယ်ကြောင့် ဆရာမတို့က သက်ညှာပေးသင့်တယ်ထင်တာပဲ”

“စာသင်ရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ ကျွန်မတို့အားလုံး သိကြပါတယ်ဆရာ၊ မျှတမှုဆိုတဲ့စကားကို အရင်ဆွေးနွေးပွဲကတည်းက ဆရာပြောခဲ့တာပဲလေ၊ အဲ့ဒီတော့ ဆရာကလည်း မျှတမှုရှိအောင် လိုက်နာမှ ဖြစ်မှာပေါ့၊ ဒါဆို ဒီလိုလုပ်ကြည့်ပါလား၊ ဆရာ့အသက်က ၅၇ နှစ်တော့ မကြာခင် ပင်စင်အရွယ် ရောက်တော့မယ်လေ၊ လက်စနဲ့ ပင်စင်ယူတဲ့ အနားယူလိုက်တာ ပိုမကောင်းဘူးလား”
ဒေါ်စန္ဒာဝင်းဝင်းက ဝင်ထောက်၏။

“ပင်စင်တော့ ကျွန်တော့်အသက် ၆၀ ပြည့်မှပဲ ယူချင်တယ်၊ ကျန်သေးတဲ့ သုံးနှစ်အတွင်း နောက်ဆုံးအနေနဲ့ စာသင်ပေးသွားချင်ပါသေးတယ်၊ ဒါနဲ့ ဆရာထွန်းတောက်ကို ကျွန်တော်တစ်ခုလောက် အကြံပြုချင်ပါတယ်”

“ဘာများလဲဆရာ”

“ဆရာထွန်းတောက်က တော်လှန်ရေးလောကထဲမှာလည်း ဝင်လုပ်နေတယ်၊ ကျောင်းအုပ်လည်း ဝင်လုပ်နေတယ်၊ နှစ်ခုစလုံးကို တစ်ပြိုင်တည်း လုပ်နေတယ်ဆိုပါတော့နော်၊ အဲ့ဒီတော့ ကျောင်းအုပ်လုပ်နေပေမယ့် စာသင်ဖို့ အချိန်မပေးနိုင်တော့ စာမသင်ဘဲ ကျောင်းအုပ် လုပ်နေရတယ်ပေါ့၊ ဒါကို မနိုင်ဝန်ထမ်းတယ်လို့ ခေါ်ပါတယ်၊ ကျွန်တော့်အမြင်ပြောရရင် ဆရာက ကျောင်းအုပ်ရာထူးကနေ ဖယ်ပြီး တော်လှန်ရေးလောကထဲမှာပဲ နေလိုက်ရင် တော်လှန်ရေးကို အမြန်ရှေ့ရောက်စေနိုင်မယ်လို့ ယူဆပါတယ်”

“ဆရာထွန်းတောက်ကို ရာထူးကနေ ဖယ်ပေးဖို့ ဆိုလိုချင်တာလားဆရာ”

ဒေါ်စန္ဒာဝင်းဝင်းက မတ်တတ်ရပ်ကာ တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။ ချစ်သူကို အထိမခံသော အတ္တဖြစ်သည်။

“ကျွန်တော်ပြောတာကို ဆုံးအောင်နားထောင်ပေးပါဦးဆရာမ၊ ကျွန်တော့်အတွက် ကျန်သေးတဲ့ သုံးနှစ်အတွင်းကလေးပဲ ကျွန်တော်က ကျောင်းအုပ်ရာထူးကို ယူမယ်၊ သုံးနှစ်ပြည့်ရင် ပြန်ဆင်းပေးမယ်၊ စာသင်ကြိမ် သုံးကြိမ်နဲ့ ကျောင်းအုပ်ရာထူးကိုယူရင် မျှတမှု ရှိတယ်မဟုတ်လားဆရာမ”

“ဒါတော့ ကျွန်မ လုံးဝ လက်မခံနိုင်ဘူးဆရာ”

ဒေါ်ကြည်သာဆွေကလည်း တင်းမာသော မျက်နှာထားဖြင့် မတ်တတ်ရပ်ကာ ထပြော၏။

“ဆရာကြီးပြောတာက မျှတမှု ရှိချင်ရှိမယ်၊ ဒါပေမယ့် ကျွန်မကတော့ ဆရာထွန်းတောက်ကို ရာထူးကဆင်းပြီး ဆရာကြီးက ကျောင်းအုပ်ရာထူးယူမယ်ဆိုတာကို ကျွန်မအနေနဲ့ အပြင်းအထန် ကန့်ကွက်ပါတယ်၊ ဆရာထွန်းတောက်က လက်ခံချင်လက်ခံပါ၊ ကျွန်မကတော့ ဆရာထွန်းတောက်က ရာထူးက ဆင်းပြီး ဆရာကြီးက နေရာယူမယ်ဆိုရင်တော့ နုတ်ထွက်မယ်ရှင်”

“ကျွန်မရောပဲ”

“ကျွန်မရောပဲ”

“ကျွန်မရောပဲ'”

“ကျွန်မရောပဲ”

ဒေါ်နီလာ၊ ဒေါ်စန္ဒာဝင်းဝင်းအပါအဝင် အခင်မင်ဆုံးဆရာမ ငါးဦးက မတ်တတ်ရပ်ကာ ကန့်ကွက်ကြ၏။ ဒေါ်ဖြူပြာ၊ ဒေါ်သီတာ၊ ဒေါ်စန္ဒာအောင်တို့နှင့် ကျန်ဆရာမများကတော့ နှုတ်ဆိတ်ပြီး နားစွင့်နေကြသည်။

“ဘာဖြစ်လို့လဲဆရာမ၊ ဒေါ်ကြည်သာဆွေ့စကားထဲမှာ မျှတမှု ရှိချင်ရှိမယ်ဆိုတဲ့စကား ပါတော့ မျှတမှု ရှိတယ်ဆိုတာကို လက်ခံတဲ့သဘောပဲ၊ မျှတမှုရှိရဲ့သားနဲ့ ဘာကြောင့် လက်မခံနိုင်ရသလဲဆိုတာ ကျွန်မတို့ရဲ့သဘောထားကို သိချင်ပါတယ်၊ ထိုင်ပြီး အေးအေးဆေးဆေး ပြောပါခင်ဗျ”

“ကျွန်မပြောမယ်”

ဟု ဒေါ်နီလာက သူငယ်ချင်းဘက်လှည့်ကာ ပြောလိုက်သည်။

“ဆရာထွန်းတောက်ဆိုတာ လက်ရှိရာထူးမှာ သူ့သဘောနဲ့သူ တက်နေနေတာ မဟုတ်ပါဘူးဆရာ၊ ကျွန်မတို့ ဆရာမတွေအားလုံးနဲ့ တစ်ရွာလုံးရဲ့ သဘောတူညီမှုနဲ့ ခန့်အပ်ပေးထားတာပါရှင်၊ အဲ့ဒီတော့ အဲ့ဒီရာထူးနေရာကို ဆရာကြီးတစ်ယောက်တည်းရဲ့သဘောနဲ့ ချချင်တိုင်း ချလို့ မရဘူးရှင်၊ ဆရာထွန်းတောက်သဘောနဲ့လည်း ဆင်းချင်တိုင်း ဆင်းခွင့်မပေးနိုင်ဘူးရှင်၊ ကျွန်မတို့ရဲ့ သဘောထားနဲ့ တစ်ရွာလုံးရဲ့ သဘောထားလည်း လိုအပ်သေးတယ်ရှင်၊ ကျွန်မတို့နဲ့ တစ်ရွာလုံးရဲ့ သဘောထားမပါဘဲ အဆင်းခိုင်းရင်၊ ဆင်းသွားရင် ကျွန်မတို့နဲ့ တစ်ရွာလုံးအပေါ် မထီမဲ့မြင်ပြုရာ ကျတာပေါ့ရှင်၊ ပြီးတော့ ကျွန်မတို့အားလုံးပေါ့လေ ကျောင်းဖွင့်လို့ အချိန်မရွေးအသတ်ခံနိုင်တဲ့ အခြေအနေမျိုးကနေ သေရမှာ မကြောက်တဲ့ သတ္တိမျိုးနဲ့ ကျောင်းဖွင့်ခဲ့ကြရတာ၊ ကလေးတွေကို စာတတ်စေချင်တဲ့ စေတနာတစ်ခုတည်းနဲ့ သတ်လိုက သတ်ပါစေတော့ဆိုပြီး ရဲရဲဝံ့ဝံ့နဲ့ ကျောင်းဖွင့်ခဲ့ကြတာ၊ အဲ့တုန်းကဆို ကျောင်းအုပ်ရာထူးတွေအတွက် အန္တရာယ်အများဆုံးပဲ၊ ဘေးမှာ ဝက်ချေးပျူစောထီးရွာကြီး ရှိနေခဲ့လေ၊ အဲ့တော့ ဘယ်သူမှ မလုပ်ရဲတဲ့ ကျောင်းအုပ်ရာထူးကို ဆရာထွန်းတောက်က ရဲရဲဝံ့ဝံ့ ယူခဲ့တာပါရှင်၊ အဲ့ဒီတုန်းကတည်းက ဆရာကြီးကို ကျွန်မတို့နဲ့ လာသင်ပေးပါလို့ ကျွန်မတို့ ကမ်းလှမ်းခဲ့သားပဲရှင်၊ ဆရာ့ဘာသာ သတ္တိမရှိလို့ မလာဘဲ နေတာမဟုတ်လား၊ လက်ရှိစာသင်နှစ်ကုန်ရင် လာခဲ့မယ် တစ်ပိုင်းတစ်စနဲ့ ပစ်ထားလို့မရလို့ပါဆိုပြီး ဆရာပြန်မလာခဲ့ဘူးလေ၊ အဲ့လိုကနေ ဒီမှာ ၂ နှစ်သာ ပြီးသွားတယ်၊ ဆရာပြန်လာခဲ့လို့လား၊ ဝက်ချေးပျူစောထီးရွာကို ကြောက်လို့ မလာတာမဟုတ်လား၊ အခု ဝက်ချေးပျူစောထီးရွာကို သိမ်းပိုက်ပြီးမှ ဆရာပြန်လာတာလေ၊ ပြန်လာလာချင်း ကိုယ့်သဘောနဲ့ကိုယ် သူများကို ဆင်းခိုင်းပြီး ဆရာက နေရာဝင်ယူမယ်ဆိုတာကြီးကတော့ အချောင်ယူတဲ့ သဘောမျိုး ဖြစ်နေမှာပေါ့ရှင့်၊ အားလုံးက စစ်အာဏာရှင်ကို ရွံမုန်းကြသူတွေပါပဲ၊ ဒါ့ကြောင့်လည်း စစ်အာဏာရှင်က စာသင်ကျောင်းတွေ ဖွင့်ခွင့်မပေးတဲ့ကြားကကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျောင်းဖွင့်တာက စစ်အာဏာရှင်ကို တော်လှန်တာပါပဲ၊ ကိုယ်တိုင်က စစ်ဏာရှင်ကို တော်လှန်နေကြချိန်မှာ ကိုယ်တိုင်းကလည်း အာဏာရှင်ဆန်မသွားအောင် သတိချပ်ကြရမယ်လေ၊ ကျွန်မအမြင်မှာတော့ ဆရာ့တောင်းဆိုချက်တွေက အထက်စီးဆန်လွန်းပြီး အာဏာရှင်ဆန်နေတယ်လို့ မြင်တာပဲ၊ ကျွန်မတို့အပေါ်ကို အာဏာရှင်ဆန်ဆန် မပြုမူပါနဲ့ရှင်၊ ကျွန်မတို့ လုံးဝ လက်ခံမှာ မဟုတ်ပါဘူး”

ဒေါ်နီလာသည် အရှည်ကြီး ပြောပြီး မောသွား၏။ ပြီးမှ ထိုင်ချလိုက်၏။ ဦးချိန်တင်က မျက်စိမှိတ်က ငြိမ်သက်စွာ နားထောင်နေသည်။ ဒေါ်နီလာပြောတာတွေကလည်း မမှားဘူးလေ။ မိမိဘာသာ ဘယ်လောက်ပဲ မျှတမှု ရှိစေချင်လို့၊ ဆရာထွန်းတောက်ထိန်အပေါ်မှာလည်း မနိုင်ဝန်မထမ်းစေချင်လို့ စေတနာနှင့်ပြောပါသော်လည်း အဲဒီစေတနာထဲမှာ မိမိထံက အာဏာရှင်ဆန်မှုတွေလည်း ရောစွက်နေမှာပါပဲ။

သည့်တော့ ဒေါ်နီလာပြောတာကို လက်ခံသည်။ အမှန်ကို ပြောရဲဆိုရဲ ရှိသည့်အတွက်လည်း ဒေါ်နီလာကို ချီးကျူးပါသည်။ သည်သို့ ဦးချိန်တင် တွေးနေခိုက်မှာပဲ တခြားဆရာမများကလည်း ကျွန်မတို့လည်း ဒေါ်နီလာပြောချင်တာနဲ့ တစ်သဘောတည်းပါပဲရှင်ဟု ဝင်ထောက်ကြသည်။ ဦးချိန်တင်သည် ခေါင်းတဆတ်ဆတ် ညိတ်နေဆဲ။ ဒေါ်ဖြူပြာကတော့ အမျိုးအမည် ခွဲဝေလို့မရသော အပြုံးမှုးနှင့် မိန့်မိန့်ကြီး ပြုံးနေသည်။ ပြီးနောက် ထွန်းတောက်ထိန်က ဝင်ပြောလာ၏။

“ကျွန်တော်ကတော့ ဆရာကြီးပြောတာကိုပဲ ယုတ္တိရှိတယ်လို့ပဲ မြင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က စာသင်ဖို့အချိန်မပေးနိုင်တာကလွဲလို့ အလုပ်ကို နိုင်နိုင်နင်းနင်း လုပ်နိုင်ပါတယ်၊ ဒါပေမယ့်လည်း ဆရာ ကျွန်တော့်နေရာကို ယူချင်သပဆိုရင်လည်း ကျေကျေနပ်နပ် လွှဲပေးပါ့မယ်ဆရာ”

“ဆရာထွန်းတောက်က ဒီလိုရှိတယ်ဆိုမှတော့ ဆရာကြီးအနေနဲ့ လက်ခံချင်လက်ခံပါ၊ ဒါပေမယ့် ကျွန်မကတော့ ဆရာကြီးရဲ့လက်အောက်မှာ မနေနိုင်ဘူးရှင်၊ အခုချက်ချင်း နုတ်ထွက်ပါ့မယ်၊ လူစုံတုန်း အားလုံးရှေ့မှာပေါ့”

“ကျွန်မရောပဲ”

ရှေ့မှာပေါ့”

“ကျွန်မရောပဲ”

“ကျွန်မရောပဲ”

“ကျွန်မရောပဲ၊ အားလုံးရှေ့မှာ နုတ်ထွက်ကြောင်း ကြေညာပါတယ်ရှင်”

ဒေါ်စန္ဒာဝင်းဝင်းတို့တစ်သိုက်ကလည်း ဝင်ရောက်နုတ်ထွက်ကြပြန်၏။ ပြီးနောက် လှည့်ထွက်သွားဖို့ ပြင်ကြသည်။ သည်တော့မှ ဦးချိန်တင်က စကားစတော့၏။

“ခဏနေကြပါဦးဆရာမတို့ရယ်၊ အလျင်စလို မဆုံးဖြတ်ကြပါနဲ့၊ ခုနက ဒေါ်နီလာပြောတာတွေ အားလုံးမှန်ပါတယ်၊ ကျွန်တော်ဘာကြောင့် အခုမှ ရွာပြန်လာရတယ်ဆိုတာကိုတော့ ထည့်မပြောတော့ပါဘူး၊ ဆင်ခြေပေးရာ ကျနေမှာမို့၊ ပြီးတော့ ဒေါ်စန္ဒာဝင်းဝင်း ပြောတာကိုလည်း ထောက်ခံတယ်၊ ပင်စင်ယူခါနီးလက်စနဲ့ အနားယူလိုက်တာပဲ ကောင်းပါတယ်ဆိုတာလေ၊ ပြီးတော့ ကျွန်တော် တစ်နေ့သုံးကြိမ်တောင် သင်နိုင်ပါ့မလားပဲ၊ ဒီလိုရာသီဥတုနဲ့လေ၊ ပူပြင်းရင် သွေးတိုးဒဏ်က မခံနိုင်ဘူး၊ ဒီတော့ ကျွန်တော်အနားယူလိုက်တော့မယ်၊ ဆရာမတို့ နုတ်ထွက်စရာ မလိုပါဘူး၊ ဒီခေတ်က ဆရာတို့ ဆရာမတို့လို လူငယ်တွေရဲ့ ခေတ်ပါ၊ ကျွန်တော့်လို လူအိုကြီးရဲ့ ခေတ်က ပြီးဆုံးသွားပါပြီ၊ ခေတ်ကိုပြောင်းလဲဖို့ ခေတ်လူငယ်တွေ ဖြစ်တဲ့ ဆရာ ဆရာမတို့ရဲ့ လက်ထဲကို အပ်လိုက်ပါပြီနော်၊ ပြီးတော့ ဒီနေ့ဆွေးနွေးတဲ့ကိစ္စကို ဆရာ ဆရာမတို့ပဲ သိစေချင်ပါတယ်၊ အပြင်ကိုမပေါက်ကြားစေချင်ပါဘူး၊ ကျွန်တော့်ဘာသာ အသက်ကြီးပြီမို့လို့ မသင်ချင်လို့ မသင်တာပါလို့ပဲ တစ်ရွာလုံးကို သိစေလိုက်ပါ”

“ဆရာလည်း အလျင်စလို မဆုံးဖြတ်ပါနဲ့လား၊ နောက်ထပ်အဖြေတစ်ခုရအောင် ဆက်ပြီး စဥ်းစားကြရအောင်”

တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဒေါ်ဖြူပြာက သည်တစ်ခါမှ ဝင်ပြောတော့သည်။ ဦးချိန်တင်က ကျေးဇူးတင်ပါတယ်ဆရာမရယ်၊ အခုဆုံးဖြတ်ချက်ကပဲ အသင့်တော်ဆုံးပါ၊ လူငယ်တွေကြားမှာ လူအိုကြီးရှိနေတာကပဲ ဘယ်လိုမှ မသင့်တော်တာပါပဲ၊ အနာဂတ်ကို လူငယ်တွေလက်ထဲ ဝကွက်အပ်လိုက်ပါပြီ၊ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ဟု ပြောပြီး ထွက်သွား၏။ အစည်းအဝေးပွဲလေးသည် တိတ်ဆိတ်လျှက် ကျန်ခဲ့တော့သည်။ ဆွေးနွေးစရာလည်း ဘာမျှ မရှိတော့ပေ။

■ ထွင်

အပိုင်း ၁၈ ဆက်ရန်…