‘ရှင်သန်နေသောအမွေအနှစ်များ- ထားဝယ်’ ပြပွဲကို ရန်ကုန်မြို့၌ စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလမ်းရှိ ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ထားသည့် ‘မူလ’ ပန်းချီပြခန်းတွင် အဆိုပါပြပွဲကို ခင်းကျင်းပြသခဲ့သည်။
ပြပွဲတွင် ထားဝယ်အမွေအနှစ် စုဆောင်းသူများ၏ ရက်ကန်းအဆင်များ၊ လက်ရှိ ထားဝယ်တွင် တစ်ဦးတည်းကျန်နေသည့် လက်ရက်ကန်းပညာရှင်၏ ထားဝယ် လက်ရက်ကန်းအဆင်များ၊ မျိုးဆက်သစ်များ၏ လက်ရက်ကန်းအဆင်များ၊
ရန်ကုန်က အထည်အလိပ်ဒီဇိုင်နာနှင့် ဖန်တီးသူများက ဖန်တီးထားတဲ့ ဖန်တီးမှုလက်ရာများကို ခင်းကျင်းပြသခဲ့သည်။
ထားဝယ်ရိုးရာ အစားအစာများဖြင့်လည်း ပြပွဲတွင် တည်ခင်းဧည့်ခံခဲ့သည်။
ယင်းအပြင် မှတ်တမ်း ပြုစုထားသည့် ‘အမွေအနှစ်-ရက်ကန်း-ထားဝယ်အဆင်’ စာအုပ်ကိုလည်း ပြပွဲတွင် မိတ်ဆက်ခဲ့ သည်။
ပြပွဲကို နယူးဇီလန်သံရုံး၏ ထောက်ပံ့မှုဖြင့် ဆန်းဖလားဝါးသဘာဝဆိုးဆေးလက်ရက်ကန်းက စီစဉ်ကျင်းပကြောင်း စီစဉ်သူများက ပြောသည်။
ခြောက်လတာ ပြုလုပ်ခဲ့သည့် ထားဝယ် လက်ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပိတ်ပွဲနှင့်အတူ လက်ရက်ကန်းပညာရှင်များနှင့် လက်ရက်ကန်းမျိုးဆက်သစ်များ၊ ရက်ကန်းမြတ်နိုးသူများ တွေ့ဆုံနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။













