ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားပိုင် မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၁၁ ရက်နေ့က ချင်းမိုင်တက္ကသိုလ်အနီး ဖွင့်လှစ်ထားသော The New Trend Optic မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မျက်မှန်ဆိုင်အတွင်းသို့ ရဲတပ်ဖွဲ့က မျက်စိစမ်းသပ်ရန်နှင့် မျက်မှန်ဝယ်ယူရန် အသွင်ယူဝင်ရောက်ခဲ့စဉ် ဆိုင်ဝန်ထမ်းများက ထိုင်းဘာသာစကား မတတ်ဟုဆိုကာ ထိုင်းနိုင်ငံသားများကို ဝန်ဆောင်မှုပေးရန် ငြင်းဆန်ခဲ့ပြီး အခြားဆိုင်များသို့သာ ညွှန်းဆိုခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။




ယင်းလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံအတွင်း မသင့်တော်သဖြင့် ရဲတပ်ဖွဲ့က အခြားဌာနများနှင့် ပူးပေါင်းကာ ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါဆိုင်ကို မကြာသေးခင်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားကြော်ငြာကာ ဖွင့်လှစ်ထားသည်ကို တွေ့ရှိရဟုဆိုသည်။
ဆိုင်ပိုင်ရှင်ထံတွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှုဖြင့် ကနဦး အမှုဖွင့်ထားကြောင်း ဖော်ပြသည်။
ကျန်ရှိသည့် မြန်မာနိုင်ငံသားများကိုလည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် အမှုဖွင့်ထားပြီး အားလုံးကို ချန်ဖူအက် (Chang Phueak) ရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းထားကြောင်း သိရသည်။
Ref: Chiangmai News, Daily News







