ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်သို့ သွားသည့် ကုန်တင်သင်္ဘော နစ်မြုပ်

July 10, 2026

ရန်ကုန်မြို့မှ မြိတ်မြို့သို့ သွားသည့် ကုန်တင်သင်္ဘောတစ်စီး ဇူလိုင်လ ၈ ရက် ညနေပိုင်းတွင် နစ်မြုပ်ကြောင်း စစ်အုပ်စု၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

နစ်မြုပ်သည့် သင်္ဘောမှာ MV ATK Nyein အမည်ရှိ ကုန်တင်သင်္ဘောဖြစ်ပြီး ဂျုံ၊ အရက်၊ ကြက်စာ၊ ဘတ်ထရီနှင့် ဆိုလာပစ္စည်းများ တင်ဆောင်လာကြောင်း ဆိုသည်။

ရေဖြူမြို့နယ်၊ ဟိန္ဇဲ ဘုတ်ကျွန်းနှင့် မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်း အကြားတွင် ရာသီဥတုဆိုးဝါးမှုကြောင့် သင်္ဘော၏ ညာဘက်မှစ၍ ရေဝင်နစ်မြုပ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရေနစ်နေသည့် သင်္ဘောကို အခြားသင်္ဘောတစ်စီးက တွေ့ရှိသဖြင့် စစ်အာဏာရှင် ရေတပ်ထံ အကူအညီတောင်းခံခဲ့သောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်နေကြောင်း ဆိုသည်။

သင်္ဘောပေါ် လိုက်ပါလာသူ ၁၂ ဦးစလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ယနေ့ ဇူလိုင် ၁၀ရက်မှစ၍ ဇူလိုင်လ ၁၈ ရက်အတွင်း မုတ်သုံလေ အားကောင်းလာနိုင်ပြီး တစ်ခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထို့ကြောင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်လည်း သတိပေးထားသည် ။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်ကလည်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကုန်ပစ္စည်းများတင်ဆောင်လာသည့် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စီး ရန်ကုန်မြစ်ဝ ရောက်ရန် ရေမိုင် ခုနစ်မိုင်အလိုတွင် လှိုင်းဒဏ်ကြောင့် နစ်မြုပ်ခဲ့သေးသည်။