ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးမြို့နယ်ကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်

June 5, 2026

Photo - ရေးဘီလူး

မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်အာဏာရှင်တပ်က ယခုရက်ပိုင်းအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

ရေးချောင်းဖျားဒေသကို ဇွန်လ ၃ရက် နံနက် ၁ နာရီဝန်းကျင်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက် ခဲ့သည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ခြံလုပ်နေသည့် အမျိုးသားတစ်ဦး သေဆုံးကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“အဲဒီနေရာတွေက ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ ဒီလိုမျိုး လေယာဉ်နဲ့ ဗုံးလာကြဲတာ ပထမဆုံးပဲလေ။ သတိနဲ့ နေရတော့မယ်” ဟု ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်က ရေးချောင်းဖျားဒေသကို လေကြောင်းတိုက်ခိုက်ပြီးနောက်တွင်လည်း ဝေဟင် ကင်းထောက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ရေးချောင်းဖျားဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေဒေသဖြစ်သည်။

ယင်းအပြင် ပြီးခဲ့သည့် မေလ ၂၇ ရက် နံနက် ၁ နာရီခန့်ကလည်း ရေးမြို့နယ်အခြေစိုက် ရေးဘီလူးတပ်စခန်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုတွင် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့်အပြင် ဝေဟင် ကင်းထောက်မှုလည်း ပြုလုပ်နေသည့်အတွက် လေကြောင်း အန္တရာယ် စိုးရိမ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစာ – မေ ၂၇ ရက်က လေကြောင်းတိုက်ခိုက်ခံရသည့် ရေးဘီလူးတပ်စခန်း။