မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။
ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင် အချိန်က ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်ရှိ ရွှေချိုးဖြူ လက်ဖက်ရည်ဆိုင်သို့ သေနတ်သမား နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဦးကျော်စွာကို သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
“လူနှစ်ဦးက ဆိုင်ထဲကို ဝင်လာတယ်။ ဆိုင်မှာဆိုတော့ လက်ဖက်ရည် လာသောက်တဲ့လူတွေပဲ ဖြစ်မှာပေါ့ ဘယ်သူက သတိထားမိမှာလဲ အဲလို ဝင်လာပြီးတော့ ပစ်ထည့်သွားတာ ခြောက်ချက်လောက် ရှိမယ်” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် အသက် ၄၇ နှစ်အရွယ်ရှိ ဦးကျော်စွာသည် ရင်ဘတ်၊ မျက်နှာ၊ လက်မောင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာ နေရာ၌သေဆုံးခဲ့သည်။
ဦးကျော်စွာကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ဦးကျော်စွာကို PDF တပ်ဖွဲ့ဝင်များက လာရောက် ပစ်ခတ်သွားသည်ဟု ရေးသားဖော်ပြကြသည်။
ဦးကျော်စွာ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး စစ်ဆေးမှုများ လုပ်ဆောင်သွားသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဘီးလင်းမြို့ခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။







