ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ် ဗုံးကြဲ၊ ခြံလုပ်သား တစ်ဦး သေဆုံး

June 4, 2026

ပုံစာ - ရေးချောင်းဖျားဒေသ ဗုံးကြဲခံရပြီးနောက် မြင်ကွင်း။Photo - IMNA

မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က ဇွန်လ ၃ ရက်၊ နံနက်အစောပိုင်းက ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ညဘက်အိပ်ချိန် ဗုံးကြဲခံရသဖြင့် မည်သည့် လေယာဉ်အမျိုးအစားဖြင့် ကြဲခံရသည်ကိုမူ မသိရကြောင်း ဒေသခံများက ဆိုသည်။

ဗုံးကြဲခံရသည့် နေရာသည် ဥယျာဉ်ခြံနေရာဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့် ကွမ်းသီးခြံ အလုပ်သမား အမျိုးသားတစ်ဦး သေဆုံးပြီး ခြံတဲအချို့ ပျက်စီးခဲ့ကြောင်း ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၃ ရက်က ဗုံးကြဲခံရသည့်နေရာသည် စစ်စခန်းနေရာများမဟုတ်ဘဲ အရပ်သားများ၏ ဥယျာဉ်ခြံနေရာများသာဖြစ်ကြောင်း ရေးမြို့နယ်၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြထားသည်။

“ဗုံးကြဲခံရတဲ့နေရာဝန်းကျင်တွေမှာ လတ်တလော တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမနေပါဘူး။ အရင်က စစ်ရေးလှုပ်ရှားမှု ရှိခဲ့ပေမဲ့ ရေးဘီလူးစခန်း ဗုံးကြဲခံရပြီးနောက်မှာ အဲဒီနေရာတွေမှာ စစ်ရေးလှုပ်ရှားမှု မရှိတော့ဘူး” ဟု ရေးမြို့နယ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေးဘီလူးတပ်ဖွဲ့၏ တပ်စခန်းတစ်ခုကိုလည်း မေလ ၂၇ ရက်၊ နံနက်အစောပိုင်းက စစ်အာဏာရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူ ဆယ်ဦးကျော်နှင့် ဒဏ်ရာရသူ နှစ်ဆယ်ခန့် ရှိခဲ့သည်။