ထောင်ဒဏ်ခြောက်လချမှတ်ခံရပြီး ခုနစ်ရက်အကြာတွင် လွတ်ငြိမ်းဖြင့်ပြန်လွတ်လာသည့် ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုး နေ့တွင်းချင်းမှာပင် ပြန်အဖမ်းခံရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့သည် ယခုနှစ် ဇန်နဝါရီလက ဖမ်းဆီးခံရပြီးနောက် ဧပြီလ ၂၃ ရက်တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။
ထိုနောက် ဧပြီ ၃၀ ရက် (ကဆုန်လပြည့်နေ့) စစ်အစိုးရ၏လွတ်ငြိမ်းတွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်တို့ နှစ်ဦးစလုံးလွတ်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းတို့နှစ်ဦး၏ လျှော့ရက်တွက်ရာတွင် နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းအတွက်လျှော့ရက် ခြောက်ပုံတစ်ပုံကိုပါ ထည့်သွင်းရေတွက်ထား မိသဖြင့် မှားယွင်းသည်ဟုဆိုကာ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာချိန် အမြန်လမ်းပေါ်တွင်ပင် ပြန်လည်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
နှစ်ဆန်းတစ်ရက်နေ့က ဧပြီလ ၁၇ ရက်နေ့ဖြစ်ပြီး ၎င်းတို့ကို အမိန့်ချသည့်ရက်က ဧပြီလ ၂၃ ရက်နေ့ဖြစ်သည့်အတွက် အဆိုပါလွတ်ငြိမ်းသက်သာခွင့်ကို ခံစားခွင့်မရှိဟုဆိုကာ ပြန်ဖမ်းခြင်းဖြစ်ကြောင်း အထက်ပါ နီးစပ်သူက ရှင်းပြသည်။
“ပြီးပြီဆိုပြီးတော့ သူတို့ကိုလွှတ်လိုက်တယ်။ ရက်တွက်မှားတယ်ဆိုပြီးတော့ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) လွတ်ငြိမ်းပါထည့်တွက်လိုက်တယ်။ ဒါပေမဲ့ ရန်ကုန်ပြန်ဆင်းလာချိန် အမြန်လမ်းမှာတားလိုက်တယ်။ ဘယ်ဂိတ်ဆိုတာတော့ မသိရဘူး”ဟု ၎င်းက ပြောသည်။
ဦးခင်စိုးကို ပြန်လည်ဖမ်းဆီးခဲ့ခြင်းကိုသာ အတည်ပြုနိုင်ပြီး ဒေါက်တာဝင်းမြင့်၏ အခြေအနေကို မသိရသေးပေ။
ထောင်ချခံရပြီး ၇ ရက်အကြာတွင် ပြန်လွတ်လာသည့်အပေါ် Dawei Watch က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
နှစ်ဆန်းတစ်ရက်နေ့ လျှော့ရက်ကို မှားယွင်းပြီး ထည့်သွင်းရေတွက်ခဲ့သည်ဟုဆိုကာ ပြန်လည် ဖမ်းဆီးခြင်းဖြစ်သည်ဟု ကြားသိရကြောင်း DDPC နှင့် နီးစပ်သည့် ထားဝယ်မြို့ခံတစ်ဦးကလည်း ဆိုသည်။
“မနေ့ကလည်း DDPC ကလူတွေက ပြန်လွတ်သွားပြီလို့ ပြောနေကြတယ်။ နောက်ပိုင်းဘာမှမပြောကြတော့ဘူး။ နှစ်ဆန်းတစ်ရက်နေ့လျှော့ရက်မှာ သူ့ကိုအမိန့်မချသေးဘူး။ ဒါကြောင့် နှစ်ဆန်းတစ်ရက်နေ့လျှော့ရက်ကို သူ မရဘူးပေါ့”ဟု အဆိုပါမြို့ခံက ပြောသည်။
ဦးခင်စိုးကို အမိန့်ချပြီးနောက် ထောင်အတွင်းအကျဉ်းကျခံရခြင်းမရှိဘဲ နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံအချုပ်တွင် နေထိုင်ကြောင်း အထက်ပါမြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူက ပြောဆိုထားသည်။
စက်သုံးဆီတင်သွင်းရန်အတွက် စစ်ကော်မရှင် သတ်မှတ်ဈေးဖြင့် ထုတ်ပေးထားသည့် ဒေါ်လာများကို ပြင်ပပေါက်ဈေး ဖြင့် အရောင်းအဝယ်လုပ်နေသည်ဟုဆိုကာ ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်ကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြကြသည်။
ဦးခင်စိုးသည် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်သည့် Apex Group ကို ပိုင်ဆိုင်သလို ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Apex စက်သုံးဆီ အရောင်းဆိုင်ကို ပိုင်ဆိုင်သည်။
ထို့အပြင် ထားဝယ်မြို့ရှိ ဈေးဝယ်စင်တာ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်လုပ်ငန်း ပိုင်ဆိုင်သည့် ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC) အပါအဝင် ပင်လယ်ငါးဖမ်း လုပ်ငန်းလုပ်သည့် ရန်ကုန်မြို့အခြေစိုက် အဏ္ဏဝါလွှမ်းကုမ္ပဏီကိုလည်း ပိုင်ဆိုင်သည်။







