ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်သား လုပ်ငန်းရှင်ဦးခင်စိုး ထောင်ချခံရပြီး ခုနှစ်ရက်အကြာ လွတ်ငြိမ်းဖြင့်ပြန်လွတ်

April 30, 2026

အသွင်ပြောင်းစစ်အစိုးရက ထောင်ဒဏ်ခြောက်လချမှတ်ခဲ့သည့် ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးသည် ထောင်ချခံရပြီး ခုနှစ်ရက်ခန့်အကြာတွင် ပြန်လွတ်လာကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့သည် ယခုနှစ် ဇန်နဝါရီလက ဖမ်းဆီးခံရသည်။

ထို့နောက် ဧပြီလ ၂၃ ရက်တွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။

သို့သော် ယနေ့ (ဧပြီ ၃၀၊ ကဆုန်လပြည့်နေ့) စစ်အစိုးရ၏လွတ်ငြိမ်းတွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်တို့ နှစ်ဦးစလုံးပြန်လွတ်လာကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဦးခင်စိုးကို အမိန့်ချပြီးနောက် ထောင်အတွင်းအကျဉ်းကျခံရခြင်းမရှိဘဲ နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံအချုပ်တွင် နေထိုင်ကြောင်း ၎င်းက ပြောသည်။

“တော်တော်လိုက်ထားတာ။ အမိန့်ချပြီး ကုတင်၁၀၀၀ ဆေးရုံမှာ အတက်ပြထားတာ။ ကုတင် ၁၀၀၀ ဆေးရုံအချုပ်ကပဲ ပြန်လွတ်တယ်”ဟု ၎င်းက ပြောသည်။

စက်သုံးဆီတင်သွင်းရန်အတွက် စစ်ကော်မရှင် သတ်မှတ်ဈေးဖြင့် ထုတ်ပေးထားသည့် ‌ဒေါ်လာများကို ပြင်ပပေါက်ဈေး ဖြင့် အရောင်းအဝယ်လုပ်နေသည်ဟုဆိုကာ ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်ကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြကြသည်။

ဦးခင်စိုးသည် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်သည့် Apex Group ကို ပိုင်ဆိုင်သလို ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Apex စက်သုံးဆီ အရောင်းဆိုင်ကို ပိုင်ဆိုင်သည်။

ထို့အပြင် ထားဝယ်မြို့ရှိ ဈေးဝယ်စင်တာ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်လုပ်ငန်း ပိုင်ဆိုင်သည့် ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC) အပါအဝင် ပင်လယ်ငါးဖမ်း လုပ်ငန်းလုပ်သည့် ရန်ကုန်မြို့အခြေစိုက် အဏ္ဏဝါလွှမ်းကုမ္ပဏီကိုလည်း ပိုင်ဆိုင်သည်။