ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် ရုံးတည်နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား နှစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇွန်လ ၃၀ ရက် နံနက်က မဲဆောက်မြို့ မယ်ပဒေသရှိ နေအိမ်တစ်လုံးကို ဆိုင်ဘာရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရှာဖွေရာမှ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၏ ရုံးတည်ရှိရာ နေရာဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
အိမ်သည် Las Vegas LV177 အမည်ရှိ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၏ ရုံးတည်နေရာဖြစ်ပြီး ယင်းဝက်ဘ်ဆိုက်ထဲတွင် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲများကို လောင်းကစားဝန်ဆောင်မှု ပေးနေကြောင်း ဖော်ပြသည်။
အိမ်ထဲတွင် အသက် ၂၆ နှစ်နှင့် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားနှစ်ဦးသည် လောင်းကစားဝက်ဘ်ဆိုဒ်က်အတွက် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး အွန်လိုင်းဖြင့် စာပြန်ခြင်းနှင့် လောင်းကစား လုပ်ကိုင်သူများကို ဝန်ဆောင်မှုပေးခြင်းအတွက် တစ်လလျှင် လုပ်အားခ ဘတ် ၃၀၀၀၀ ခန့် ရရှိနေသည်ဟု ဝန်ခံခဲ့ကြောင်း ဆိုသည်။
၎င်းတို့ နှစ်ဦးနှင့်အတူ အိမ်ထဲတွင် တွေ့ရသော ကွန်ပျူတာများ၊ ဖုန်းများအပြင် ငွေသား ဘတ် ၃၅၀၀၀ နှင့် တန်ဖိုးကြီး ပစ္စည်းများ၊ ဘဏ်စာအုပ်များကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်သည် တစ်လလျှင် ဘတ်သန်း ၇၀ အထိ လည်ပတ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် သက်သေခံပစ္စည်းများကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လောင်ကစားဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ တာဝန်ရှိသူများအားလုံးကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဇွန်လအစောပိုင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရာသီတွင် ပြည်သူများအနေဖြင့် ဘောလုံးပွဲလောင်းကစား မပြုလုပ်ကြရန် ထိုင်းရဲတပ်ဖွဲ့က သတိပေးထားသည်။












