ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၆၀ နီးပါးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ချင်းရိုင်မြို့ ဘန်းဒူဒေသတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးနှိမ်နင်းရေး စီမံချက်ဖြင့် ယနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်မှစ၍ ညနေပိုင်းအထိ နေရာ ၆ နေရာကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅၈ ဦးနှင့် ၎င်းတို့ကို အလုပ်ခန့်ထားသော အလုပ်ရှင် ၁၇ ဦးကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းအလုပ်သမားများတွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ရှိသော်လည်း ခွင့်ပြုထားသည့် အလုပ်လုပ်ကိုင်ရာနေရာနှင့် အလုပ်အမျိုးအစား မတူညီသူများ ပါဝင်ကြောင်း သိရသည်။
၎င်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား လုပ်ကိုင်ခွင့်မရှိသည့် ဈေးရောင်းသည့်အလုပ်ကို လုပ်ကိုင်နေသဖြင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ အလုပ်ရှင်ပြောင်းလဲလုပ်ကိုင်နေသူများ အနေဖြင့်လည်း ဥပဒေအရ သတ်မှတ်ထားသည့် ၁၅ ရက်အတွင်း အလုပ်သမားရုံးသို့ အကြောင်းကြားထားခြင်း မရှိကြကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အလုပ်သမားများနှင့် အလုပ်ရှင်များကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို စီမံချက်ဖြင့် အရှိန်မြှင့် စစ်ဆေးဖမ်းဆီးနေသလို၊ ထိုင်းနိုင်ငံသားများကလည်း စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်ပေးရန် တိုင်ကြားမှုများ ရှိနေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
လွန်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစ၍ ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား ထောင်ချီကို စစ်ဆေးခဲ့သလို၊ ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီနှင့် ရယွန်ခရိုင်များတွင်လည်း စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ရှိနေခဲ့သည်။










