ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းနိုင်ငံအနေနှင့် ယခုဇွန်လတွင် မြန်မာများကို ကော့သောင်းဘက်သို့ လွှဲပြောင်းခြင်းမရှိ

June 30, 2026

ပြီးခဲ့သည် မေလ ၂၉ ရက်က ရနောင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများ။

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများကို ကော့သောင်းသို့ လစဉ် ပြန်ပို့နေရာမှ ယခုဇွန်လတွင် လွှဲပြောင်းပို့ဆောင်မှု မရှိကြောင်း ပြန်လည်လွှဲပြောင်းရာတွင် ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယခု ၂၀၂၆ ခုနှစ် မေလအထိ ၁၇ လအတွင်း မြန်မာနိုင်ငံသားများကို လစဉ် ကော့သောင်းမှတစ်ဆင့် စစ်အစိုးရလက်ထဲသို့ လွှဲပြောင်းခဲ့သော်လည်း ယခုဇွန်လတွင် လွှဲပြောင်းမှု မရှိခြင်းဖြစ်ကြောင်း ၎င်းတို့ ပြောသည်။

“ဟုတ်တယ်။ ဒီလထဲ မပို့သေးတာ။ လကုန်မှ ပို့မယ်လို့ ကြားထားတယ်” ဟု ပို့ဆောင်ရာတွင် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောဆိုသည်။

လာမည့် ဇူလိုင်လ ၂ ရက် သို့မဟုတ် ၃ ရက်တွင် လွှဲပြောင်းမည်ဟု သတင်းရရှိထားကြောင်း ၎င်းက ဆိုသည်။

ဇွန်လထဲတွင် လွှဲပြောင်းမှု မရှိသည့်အကြောင်းအရင်းကိုမူ မသိရှိရကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများကို ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လစဉ် ကော့သောင်းသို့ လွှဲပြောင်းပေးခဲ့သည်။

ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦး၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လတွင် နှစ်ကြိမ် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦး၊ မေလတွင် နှစ်ကြိမ် ၁၉၈ ဦး စုစုပေါင်း ၇၆၅ ဦးအထိ လွှဲပြောင်းပြီးဖြစ်သည်။

ပြီးခဲ့သော ၂၀၂၅ ခုနှစ်ကလည်း ကော့သောင်းဘက်သို့ လစဉ်လွှဲပြောင်းခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၇၂ ဦးအထိရှိခဲ့သည်။

၂၀၂၄ ခုနှစ်တွင်မူ ၂၀၀၅ ဦးအထိ လွှဲပြောင်းခဲ့ပြီး ယင်းနှစ်က ဧပြီလ၊ မေလ၊ အောက်တိုဘာလများတွင် နေရပ်ပြန်ပို့မှု မရှိခဲ့ပေ။

ပုံစာ – ပြီးခဲ့သည် မေလ ၂၉ ရက်က ရနောင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများ။