ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဗင်နီဇွဲလားအစိုးရ၏ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အားနည်းမှုကို ပြည်သူများမကျေနပ်

June 30, 2026

Source: Reutersဓာတ်ပုံ - Survivors decry slow aid after deadly Venezuela quakes | Reuters

ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်ဘေးသင့်ပြည်သူများအပေါ် အစိုးရ၏ ကူညီထောက်ပံ့မှု အားနည်းနေခြင်းအပေါ် မကျေနပ်မှုများ ကြီးထွားလာနေသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅,၀၀၀ နှင့် သေဆုံးသူအရေအတွက်မှာ တနင်္လာနေ့တွင် ၁၇၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့တွင် ဗင်နီဇွဲလားနိုင်ငံ၌ ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ အဆင့်ရှိ ငလျင်များ နှစ်ကြိမ်ဆက်လှုပ်ခတ်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်လျက်ရှိသည့် သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကလေးငယ်များ အပါအဝင် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးခံရသူ ဗင်နီဇွဲလားနိုင်ငံသား ၁၄၀ ခန့်အထိ ပါဝင်နေကြောင်း ယူဆရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ငါးရက်မြောက်နေ့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပေါင်း ၂၀၀ နီးပါး ပြိုကျပျက်စီးခဲ့ပြီး အဆောက်အအုံ ရာပေါင်းများစွာလည်း ပြင်းထန်စွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အစိုးရခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် ဟူဂိုချာဗက်ဇ်နှင့် နီကိုလပ်စ်မာဒူရိုတို့ လက်ထက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကြပ်မတ်မှု အားနည်းခြင်းနှင့် စံမမှီဘဲ လိုင်စင်ထုတ်ပေးမှု လုပ်ထုံးလုပ်နည်းများက သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် မြင့်မားလာစေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

ငလျင်ဘေးကယ်ဆယ်ရေးတွင် အစိုးရတာဝန်ရှိသူများကို အနည်းငယ်သာ တွေ့မြင်ရကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံလူထုအတွက် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဒေသခံများက ကိုယ်ထူကိုယ်ထ ထောက်ပံ့ပေးနေကြရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

“ကျွန်မတို့က (အစိုးရဘက်က) တုံ့ပြန်မှုတွေ ရဖို့ ၊ အပျက်အစီးတွေကို ရှင်းလင်းပေးဖို့ ၊ နောက်ပြီး စစ်ဆေးတာတွေ လုပ်ပေးဖို့ရယ်ကို စောင့်နေကြတာပါ” လို့ အာဏာပိုင်တွေဆီ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို ဦးဆောင်တင်ပြနေသည့် အသက် ၃၃ နှစ်အရွယ် လက်သည်းခြေသည်း ပြုပြင်အလှဆင်သူ ကေလီ အီဘာရာက ပြောသည်။

ဗင်နီဇွဲလားအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ပေးရန်လည်း သူမက တောင်းဆိုထားသည်။

“ကျွန်တော်တို့ကို ဘယ်နေရာမှာ ပြန်ထားပေးမလဲ၊ ဒီမှာပဲ ဘယ်လောက်ကြာကြာ နေရဦးမလဲဆိုတာ မသိသေးပါဘူး” ဟု ငလျင်ဘေးသင့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

Source: Reuters

ဓာတ်ပုံ – Survivors decry slow aid after deadly Venezuela quakes | Reuters