တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကျောက်လုံးကြီးရွာနှင့် အနီးဝန်းကျင်တို့တွင် တိမ်းရှောင်နေသည့် စစ်ဘေး ရှောင်များ ငှက်ဖျားနှင့်တုပ်ကွေးရောဂါများအဖြစ်များလာပြီး ဆေးကုသရန်ခက်ခဲကြောင်း စစ်ဘေးရှောင် ကူညီသူများနှင့် တော်လှန်ရေးတပ်များထံမှ သိရသည်။
ယခုနှစ် မေလအစပိုင်းတွင် ငှက်ဖျားနှင့် တုပ်ကွေး အဖြစ်များလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လူကြီးများတွင် ငှက်ဖျားအဖြစ်များနေပြီး ကလေးများ တုပ်ကွေးအဖြစ်များနေကြောင်း ၎င်းက ဆိုသည်။
“ဆေးမှူးတွေက ကုပေးတယ်။ ဆေးဝါးတွေကတော့ လုံလောက်မှု မရှိဘူး။ (ရောဂါ) ဖြစ်တဲ့သူက များပြီး ဆေးတွေက နည်းနေတယ်။ ဆေးတွေနဲ့က မလောက်ဘူး” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလက ရွာဆေးခန်းတွင် လာရောက်ပြသူသည့် စစ်ဘေးရှောင် ဆယ်ဂဏန်းတွင်သာ ငှက်ဖျားတွေ့သော်လည်း မေလနှင့် ဇွန်လ နှစ်လတွင် ငှက်ဖျားတွေ့သူ ရာဂဏန်းရှိလာကြောင်း အဆိုပါဒေသတွင်ရှိသည့် ကျန်းမာရေး ဆရာမတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များသည် ဆေးဝါးကုသရန်အတွက် တိမ်းရှောင်နေသည့်နေရာမှ လှေဖြင့်ဆေးခန်းများရှိသည့်နေရာကို နေ့တစ်ဝက်ခန့် သွားလာရကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။
စစ်ဘေးရှောင်များသည် တောအတွင်းရှိ စမ်းချောင်းများ၏ နံဘေးတွင် တဲများထိုး၍ တိမ်းရှောင်နေကြပြီး အဆိုပါ နေရာတွင် ဆေးခန်းများ မရှိသလို၊ ကျန်းမာရေးစောင့်ရှောက်မည့်သူများလည်း မရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီသူ တစ်ဦးက ဆိုသည်။
“လှေတွေနဲ့ကလည်း သွားရဝေးတယ်၊ ဆေးခန်းရှိတဲ့နေရာတွေကို။ ဆီတွေလည်း စျေးကြီးတယ်။ ရှောင်နေကြတဲ့ သူတွေက သူ့အစုငယ်၊ အစုငယ်နဲ့ နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။
ကျောက်လုံးကြီး၊ ကင်းနီကျွန်း၊ တဖီလေးခိုရွာနှင့် ဝန်းကျင်ရှိ ကျေးရွာများက ဒေသခံ ကိုးရာကျော် စစ်ဘေးရှောင် နေရသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ဓာတ်ပုံ – ပုံ နွေဦးမေတ္တာစစ်ရှောင်ကူညီရေးအဖွဲ့ (ပုံဟောင်း)







