စစ်အုပ်စုက ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်အုပ်စုက ယနေ့ ဧပြီလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။
သတ်မှတ်ထားသည့် နေအိမ်တစ်ဆောင်သို့ ရွှေ့ပြောင်းမည်ဟု ပြောဆိုသော်လည်း နေရာအတိအကျကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စစ်အုပ်စုက ထုတ်ပြန်သည်။
စစ်အုပ်စုက ကြေညာသည့်သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အာဏာရှင်တပ်အရာရှိတစ်ဦး၊ ရဲအရာရှိတစ်ဦးတို့ ထိုင်နေကြသည့် ဓာတ်ပုံတစ်ပုံသာ ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူကလည်း ၎င်း၏ မိခင် အသက်ရှင်ကြောင်း သက်သေပြရန် Proof of Life ကမ်ပိန်းကို ယခုဧပြီလအတွင်း၌ ပြုလုပ်ကာ တောင်းဆိုနေသည်။
ပုံစာ – စစ်အုပ်စုက ယနေ့ ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရှိရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
ဓာတ်ပုံ – MRTV







