ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်း စစ်အစိုးရအဖွဲ့က ၁၅ ရက်အတွင်း လုံ/နယ်ဝန်ကြီး အသစ်ထပ်ပြောင်း

April 30, 2026

တနင်္သာရီတိုင်း စစ်အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာကို ဗိုလ်မှူးကြီး သိန်းဇော်မြင့်အစား ဗိုလ်မှူးကြီး ရန်ကြီးအောင်ဖြင့် ဧပြီလ နောက်ဆုံးပတ်အတွင်း အစားထိုးလိုက်ကြောင်း စစ်အစိုးရ သတင်းရင်းမြစ်များထံမှ သိရသည်။

ဗိုလ်မှူးကြီး သိန်းဇော်မြင့်မှာ တိုင်းစစ်အစိုးရ လုံ/နယ်အဖြစ် တာဝန်မယူမီ စကခ ၈ ၏ ဒုကွပ်ကဲရေးမှူးဖြစ်ခဲ့ပြီး စစ်အုပ်စုရွေးကောက်ပွဲမတိုင်မီ ၂၀၂၅ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှစ၍ လုံ/နယ်ဝန်ကြီးဖြစ်လာသည်။

၂၀၂၆ ဧပြီလလယ်တွင် ပြောင်းခဲဖွဲ့စည်းသော စစ်အစိုးရအဖွဲ့တွင်လည်း လုံ/နယ်ဝန်ကြီး အဖြစ် ဆက်လက်တာဝန်ယူခဲ့သော်လည်း ဧပြီလကုန်ပိုင်းတွင် ဗိုလ်မှူးကြီး ရန်ကြီးအောင်ကို အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဧပြီ ၂၆ ရက်က ထားဝယ်လေဆိပ်တွင် ပြုလုပ်သည့် ဒေသတွင်း ကျွန်းပတ်လေယာဉ် ပြေးဆွဲမည့် ခရီးစဉ်ဖွင့်ပွဲ၌ အခြားတိုင်းစစ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ဗိုလ်မှူးကြီး ရန်ကြီးအောင် အခမ်းအနား စတင်တက်ရောက်ခဲ့ကြောင်း စစ်အုပ်စု၏ မှတ်တမ်းဓာတ်ပုံများအရ သိရသည်။

ဗိုလ်မှူးကြီး ရန်ကြီးအောင်သည် ဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူ့လွှတ်တော်တွင် ဗိုလ်မှူးရာထူးဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် တစ်နှစ်ခန့် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

ယခုလက်ရှိ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် ဗိုလ်မှူးကြီး ရန်ကြီးအောင်တို့သည် စစ်တက္ကသိုလ် အပတ်စဉ် (၄၁) ဆင်းများ ဖြစ်ကြသည်။ ဗိုလ်မှူးကြီး ရန်ကြီးအောင်၏ စစ်ဘက်ဆိုင်ရာ တာဝန်ယူခဲ့မှုများကိုမူ အသေးစိတ် မသိရသေးပေ။

စစ်အာဏာသိမ်းထားသည့် ကာလအတွင်း ၂၀၂၅ ခုနှစ်တွင် စစ်ခေါင်းဆောင်က ပေးအပ်သည့် စစ်မှုထမ်းကောင်းတံဆိပ်ကိုလည်း ဗိုလ်မှူးကြီး ရန်ကြီးအောင် ရရှိခဲ့သည်။

ယခင် တိုင်းစစ်အစိုးရ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်မှာမူ မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ရမည်ဖြစ်ပြီး ထားဝယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၈) ၏ ကွပ်ကဲရေးမှူး နေရာရရှိကြောင်း တိုင်းစစ်အစိုးရ သတင်းရင်းမြစ်ထံမှ သိရသည်။

၎င်းသည် တိုင်းစစ်အစိုးရ လုံ/နယ်ဝန်ကြီးအဖြစ် တာဝန်မယူမီ စကခ (၈) ၏ ဒုတိယကွပ်ကဲရေးမှူး ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းမှစ၍ ယခုနှစ် ဧပြီလနှောင်းပိုင်းအထိ လုံ/နယ်ဝန်ကြီး တာဝန်ယူခဲ့သည်။ ယင်းအပြင် ၎င်းသည် တိုင်းဒေသကြီးလွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

ဗိုလ်မှူးကြီး သိန်းဇော်မြင့်၏ တိုင်းလွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဗိုလ်မှူးကြီး ရန်ကြီးအောင်ကို အစားထိုးလိုက်ကြောင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ ဧပြီ ၂၉ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

ဗိုလ်မှူးကြီး ရန်ကြီးအောင်သည် လုံ/နယ်ဝန်ကြီးအဖြစ် အခမ်းအနားနှင့် အစည်းအဝေးများ တက်ရောက်နေသော်လည်း စစ်အုပ်စုဘက်က ခန့်အပ်ကြောင်း အမိန့်စာကိုမူ ယနေ့ ဧပြီ ၃၀ ရက် နံနက်ပိုင်းအထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းထားသည့် ငါးနှစ်အတွင်း တနင်္သာရီတိုင်း၌ လုံ/နယ်ဝန်ကြီးနေရာကို ငါးကြိမ်တိုင် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တာဝန်ယူဖူးသူအချို့ ဖမ်းဆီးအရေးယူခံရမှုများလည်း ရှိခဲ့သည်။

ထိုင်းနိုင်ငံနှင့်နယ်နမိတ်များစွာ ထိစပ်နေသည့်အပြင် သဘာဝအရင်းအမြစ် ကြွယ်ဝသည့် တနင်္သာရီတိုင်းမှာ ခေတ်အဆက်ဆက် ဝန်ကြီးနေရာ အပြောင်းအလဲများသည့် ဒေသတစ်ခုလည်း ဖြစ်သည်။ လက်ရှိတွင်လည်း တော်လှန်ရေးအားကောင်းသည့် ဒေသဖြစ်သည်နှင့်အညီ စစ်ရေးအခြေအနေ တင်းမာလျက်သည်။