တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန်တပ်ရင်း၏ အရှေ့ဘက်တွင် ရဟတ်ယာဥ်ကွင်းပြုလုပ်ရန် ဒေသခံများ၏ လယ်ယာမြေများ၊ ခြံများနှင့်အိမ်များကို သိမ်းယူသွားကြောင်း ဒေသခံများ ထံမှသိရသည်။
စစ်အာဏာရှင်တပ်က ရဟတ်ယာဥ်ကွင်းပြုလုပ်ရန် ညောင်ပင်ကွင်းရွာဒေသခံများ၏ မြေများကို သိမ်းယူပြီး ဧပြီလ ၂၈ ရက်နေ့တွင် မြေးတူးစက်များဖြင့် ဖြိုဖျက်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်က ဒေသခံများကို အကြောင်းကြားခြင်းမရှိပဲ မြေများသိမ်းယူသွားခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ဘက်ဟိုးတွေနဲ့ အကုန်တူးကုန်ပြီ။ သစ်ပင်တွေလည်း အကုန်လှဲကုန်ပြီ။ လမ်းတွေလည်းပေးမသွားဘဲ ပိတ်ထားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်က ရဟတ်ယာဥ်ကွင်းကို အနံ ၁၅၀ ပေနှင့်အလျား ၃၀၀၀ ပေဖြင့် ပြုလုပ်မည်ဟု ကြားရကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်က ယင်းကွင်းပြုလုပ်ရန် ဒေသခံ ၁၅ ဦးဝန်းကျင်ပိုင်သည့် မြေများကို သိမ်းယူပြီး အိမ်နှစ်ဆောင်ကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
ယင်းအိမ်နှစ်ဆောင်တွင် လူမနေသည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး အိမ်တွင်သုံးရသေးသည့် ပစ္စည်းများလာယူရန် အကြောင်းကြားပြီး ဖြိုပစ်လိုက်ကြောင်း ၄င်းက ဆိုသည်။
“မြေသမားတွေတော့ ဘာမှမပြောဘူး။အိမ်ဆောက်ထားသမားတွေက ပစ္စည်းပြန်လာယူလို့ပြောပြီး မနေ့က(၂၈ရက်)ဖြိုပစ်လိုက်ပြီ။ကော်ပတ်ခြံ(ရာဘာခြံ)တွေလည်း အပင်တွေလှဲလိုက်ပြီ”ဟု အထက်ပါ ဒေသခံက ပြောသည်။
ဘန်လောရွာနှင့် ၆ မိုင်ရွာတို့တွင် စစ်အာဏာရှင်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်အာဏာရှင်တပ် အမှတ် ၅၆၁ တပ်ရင်းမှ ဧပြီလ ၂၈ ရက်ညတွင် သကျက်ရွာဘက်သို့ လက်နက်ကြီး ၉ လုံးပစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။







