ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အကျဉ်းကျနေသူ ၁၅၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုဟုဆို

April 30, 2026

လွတ်ငြိမ်းဖြင့် လွတ်မြောက်လာမည့် အကျဉ်းသားများကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များ (ပုံဟောင်း)

ယနေ့ ကဆုန်လပြည့်နေ့ (ဧပြီလ ၃၀ ရက်) တွင် စစ်အစိုးရက အကျဉ်းသား၊ အကျဉ်းသူ ၁,၅၀၈ ဦးနှင့် အကျဉ်းကျနေသည့် နိုင်ငံခြားသား ၁၁ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာသည်။

“နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

နိုင်ငံခြားသား အကျဉ်းသားများကိုမူ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးမည်ဟု ဆိုသည်။

လွတ်ငြိမ်းခွင့်ပြုရာတွင် မည်သည့်အမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်ကိုမူ သီးခြားဖော်ပြထားခြင်း မတွေ့ရပေ။

လွတ်ငြိမ်းခွင့်အပြင် ယခုနှစ် ဧပြီလ ၃၀ ရက် မတိုင်မီ ပြစ်မှုတစ်ခုခုဖြင့် အကျဉ်းကျနေသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ခွင့်များ ပြောင်းလဲပေးခဲ့ကြောင်း ကြေညာသည်။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း အကျဉ်းသား၊ အကျဉ်းသူ လေးထောင်ကျော် လွတ်ငြိမ်းခွင့်ရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအချို့လည်း ပြန်လည်လွတ်မြောက်ခဲ့ကာ စစ်အုပ်စုက ဖမ်းဆီးထားသည့် သမ္မတ ဦးဝင်းမြင့်လည်း မိသားစုနှင့် ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့သည်။

နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းခွင့်တွင် တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်များမှ ၆၉ ဦး ပြန်လည်လွတ်မြောက်လာပြီး ယင်းတို့အနက် နိုင်ငံရေးအကျဉ်းသား ကိုးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ယနေ့လွတ်ငြိမ်းဖြင့် လွတ်လာသူများတွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကိုမူ မသိရသေးပေ။