ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းရာသီပြန်ဖွင့်လိုက်သော်လည်း တနင်္သာရီတိုင်းအတွင်း အမျိုးသားနည်းလာသဖြင့် ရေလုပ်သားရှားပါးနေကြောင်း ဝါလတ်နှင့် ဝါတန်းငါးဖမ်းလှေ အသိုင်းအဝိုင်းထံမှ သိရသည်။
ဒရွတ်ဆွဲပိုက်(ဝါလတ်လှေ) နှင့် ဝိုင်းကြီးချုပ်(ဝါတန်း)လှေများကို ဇွန်လ ၁၅ ရက်နေ့မှစကာ ငါးဖမ်းခွင့်ပြန်လည်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ငါးသားပေါက်ရာသီဖြစ်သည့်အတွက် ဧပြီ၊ မေ နှင့် ဇွန်လကုန်အထိ ကမ်းဝေးလှေများ ငါးမဖမ်းရကာလအဖြစ် သတ်မှတ်ထားခြင်းဖြစ်သော်လည်း ဇွန်လ ၁၅ ရက်နေ့မှစကာ ပြန်ဖမ်းခွင့်ပြုနေခြင်းဖြစ်သည်။
ငါးဖမ်းရာသီ ပြန်ဖွင့်လိုက်ချိန်တွင် လှေသားခေါ်ယူရခက်ခဲသည့်ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း ငါးဖမ်းလှေပိုင်ရှင် အချို့က ဆိုသည်။
စစ်အာဏာရှင်တပ်၏ စစ်သားစုဆောင်းခြင်းအပါအဝင် အဓမ္မဖမ်းဆီးမှုများကြောင့် အလုပ်သမားရှားပါးနေခြင်းဖြစ်ကြောင်း မြိတ်မြို့နေ ရေလုပ်သားတစ်ဦးက ဆိုသည်။
“တချို့ အလုပ်သမားတွေကလည်း ငါးဖမ်းရာသီနားလို့အလုပ်မရှိရင် တခြားအလုပ်ရှာလုပ် ကြရတာလေ။ ဒီသုံးလ အတွင်း စားသောက်ဖို့ရှာဖွေရသေးတာကိုး။ တချို့မိဘတွေကလည်း လှေမလိုက်ခိုင်းတော့ဘဲ တခြားနိုင်ငံ လွှတ်လိုက်ကြတာများတယ်။ ဒီဘိတ်မှာက အခုနောက်ပိုင်း ညဘက်လှေဝင်ရင် ပေါ်တာဆွဲတာတွေများလာတာကိုး”ဟု ၎င်းက ပြောသည်။
ရေလုပ်သားခေါ်ယူရခက်ခဲနေသည့်အတွက် ရသလောက်လုပ်သားဖြင့် လှေထွက်ရမည့်အခြေအနေဖြစ်နေကြောင်း ဝါလတ်လှေ ပဲ့နင်းတစ်ဦးက ဆိုသည် ။
“ရာသီမပိတ်ခင်က လုပ်သွားတဲ့သူတွေကိုတောင် ပြန်ဆက်သွယ်မရဖြစ်နေတာ။ ရှမ်းပြည်(ထိုင်းနိုင်ငံ)သွားကုန် တာလားတော့မသိဘူး။ လူအသစ်တွေကိုတော့ အားချင်းခေါ်နေရတယ်။ လိုသလောက်ခေါ်မရရင်တော့ ရှိတဲ့လူနဲ့ အဆင်ပြေသလို ဆက်သွားရမှာပေါ့နား(နော်)”ဟု ၎င်းက ပြောသည်။
ဝါလတ်လှေတစ်စီးလျှင် ရေလုပ်သား ၇ ဦးဝန်းကျင်အပါအဝင် စက်ဆရာ၊ ပဲ့နင်း အပါအဝင် ၁၀ ဦးခန့် လိုက်ပါလေ့ရှိသည်။
ဝါတန်းလှေတစ်စီးလျှင် လှေအရွယ်အစားအပေါ်မူတည်ကာ ငါးဆရာ၊ ပဲ့နင်း၊ စက်ဆရာ အပါအဝင် ရေလုပ်သား ၃၀ ဝန်းကျင်မှ ၄၀ ကျော်အထိ လိုအပ်လေ့ရှိသည်။
တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ဝန်းကျင်ရှိသော်လည်း ငါးဖမ်ထွက်သည့် လှေအရေအတွက်ကိုမူ အတိအကျ မသိရသေးပေ။
ဝါလတ်၊ဝါတန်း ငါးဖမ်းလှေလိုက်သည့် ရေလုပ်သားအများစုကို ကျွန်းစု မြို့နယ်ဘက်က အများဆုံးခေါ်ယူကြပြီး ကျန်သည့်မြို့နယ်နေသူများလည်း လှေသားအဖြစ် လုပ်ကိုင်သူများရှိကြောင်း လှေပိုင်ရှင်အချို့ထံမှ သိရသည်။







