ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အဝလွန်သူများကို မကြိုက်၍ ဓါးဖြင့်လိုက်ထိုးနေသော ထိုင်းနိုင်ငံသားကို ရဲဖမ်း

June 29, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အဝလွန်သူများကို မကြိုက်၍ဟုဆိုကာ ဓါးဖြင့် လိုက်ထိုးနေသော ထိုင်းနိုင်ငံသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၂၈ ရက် နံနက် ၁၁ နာရီခွဲခန့်က ဘန်ကောက်မြို့ နာမည်ကြီး စီလွန်လမ်းမကြီးဘေးရှိ 7-Eleven ဆိုင်အနီး ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသော အသက် ၂၉ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူကို ထိုင်းနိုင်ငံသားက ဓါးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှုကြောင့် သူမ၏ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ 7-Eleven စတိုးဆိုင်ထဲသို့ ဝင်၍ အကူအညီတောင်းခံခဲ့သည်။

ဆိုင်ဝန်ထမ်းများက သူမကို ရှေးဦးကုသပေးပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဆေးရုံတွင် သူမ၏ လက်မောင်းဒဏ်ရာကို ၁၄ ချက် ချုပ်ရကြောင်း ဖော်ပြသည်။

၎င်းကို တိုက်ခိုက်သူမှာ ခန္ဓာကိုယ်ကြီးကြောင်း ဗီယက်နမ်သူက ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့က အနီးဝန်းကျင်တွင် လိုက်လံရှာဖွေရာ အသက် ၃၀ နှစ်အရွယ် ထိုင်းနိုင်ငံသားကို ဓါးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုင်းနိုင်ငံသားသည် သူကိုယ်တိုင် ၁၂၀ ကီလိုဂရမ် ကိုယ်အလေးချိန်ရှိသူဖြစ်သဖြင့် အခြားသူများ အဝလွန်နေသည်ကို မမြင်ချင်ဘဲ ၎င်းတစ်ဦးတည်း အဝလွန်နေသူဖြစ်ချင်ခဲ့ကြောင်း၊ အနီးတွင် အဝလွန်နေသော အမျိုးသမီးတစ်ဦး လမ်းလျှောက်ဖြတ်သွားသည်ကို မြင်ရသဖြင့် ဒေါသထွက်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချက်ကို ဖော်ပြသည်။

ယခင်ကလည်း ယင်းနေရာအနီးတွင် အဝလွန်နေသော အမျိုးသမီးများကို တိုက်ခိုက်ခဲ့ဖူးသူဖြစ်ကြောင်း သတင်းများအရ သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားကို အခြားသူများကို ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုဖြင့် အမှုဖွင့် အရေးယူထားသည်။

Ref: The Thaiger, Matichon Online