ထိုင်းနိုင်ငံအတွင်း ရောင်းချနေသော Squishy ဟု ခေါ်သည့် ညှစ်စရာ အရုပ်အချို့တွင် ဓါတုပစ္စည်းများ အလွန်အကျွံ ပါဝင်နေသဖြင့် ကျန်းမာရေး အန္တရာယ်ရှိကြောင်း အာဏာပိုင်များက သတိပေးထားသည်။
Squishy အရုပ်များကို နာမည်ကြီး အွန်လိုင်းဆယ်လီနှင့် အနုပညာရှင်များက အသုံးပြုကြောင်း ပြသခဲ့သဖြင့် လူသိများလာကြပြီး လူကြီး၊ လူငယ်များက စိတ်သက်သာရာ ရစေသည့်အနေဖြင့် အသုံးပြုမှု များလာကြသည်။
Squishy ဟု ခေါ်သည့် ညှစ်စရာအရုပ် ဆိုသည်မှာ အရုပ်ကို ညှစ်လိုက်ပါက မူလပုံစံသို့ ပြန်လည်ရောက်ရှိလာသော ကလေးကစားစရာ အရုပ်တစ်ခုဖြစ်ပြီး ဈေးကွက်ထဲတွင် ပုံစံမျိုးစုံရှိသည်။
ထိုင်းနိုင်ငံဈေးကွက်အတွင်း ရောက်ရှိနေသော Squishy အရုပ်အချို့တွင် အမည်တံဆိပ်နှင့် ထုတ်လုပ်သော နိုင်ငံ မပါဝင်ဘဲ ဓါတုပစ္စည်းများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေသည်ကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။
ထို့ကြောင့် ဆိုင်များနှင့် အွန်လိုင်းဆိုင်များတွင် ရောင်းချနေသော Squishy အရုပ်များကို စစ်ဆေးရန်၊ အရည်အသွေး မပြည့်မီသော အရုပ်များကို သတိပေးပြီး ဈေးကွက်မှ ဖယ်ရှားရန်အတွက် ဝန်ကြီးချုပ်ရုံးက စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ကို ဇွန်လ၂၇ ရက်နေ့က ညွှန်ကြားလိုက်ပြီဖြစ်သည်။
Squishy အရုပ် အချို့ကို အရည်အသွေးနိမ့်သော ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး ယင်းအရုပ်မှ ထွက်လာသော အနံ့များတွင် ဓါတုပစ္စည်းများ ပါဝင်နေသဖြင့် အကြိမ်ရေများစွာ ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ကြောင်း ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူက ပြောသည်။
Squishy အရုပ်များက စားစရာပစ္စည်းအချို့နှင့် ဆင်တူနေသဖြင့် ကလေးငယ်များလည်း ပါးစပ်ထဲသို့ ထည့်သွင်းနိုင်ကြောင်း သတိပေးထားသည်။
ဈေးကွက်အတွင်း Squishy အရုပ်များ၏ စံနှုန်းညီမညီကို စစ်ဆေးမည်ဖြစ်ပြီး အကယ်၍ အန္တရာယ်ရှိကြောင်း တွေ့ရှိပါက ထုတ်လုပ်သူ၊ ဖြန့်ချိသူနှင့် ရောင်းချသူများအားလုံး ဥပဒေနှင့် အညီ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။
ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းဘာသာဖြင့် ထုတ်လုပ်ထားသော Squishy အရုပ်များကိုသာ ဝယ်ယူကြရန်နှင့် အကယ်၍ Squishy အရုပ်များတွင် အနံ့ပြင်းပြင်း ရရှိပါက အန္တရာယ်ရှိနိုင်သဖြင့် ရှောင်ရှားကြရန် သတိပေးထားသည်။
လက်ရှိတွင် စားသုံသူကာကွယ်ရေးဘုတ်အဖွဲ့နှင့် အခြားတာဝန်ရှိသူများက ဈေးကွက်အတွင်း Squishy အရုပ်များကို စစ်ဆေးနေပြီဖြစ်ကြောင်း ဖော်ပြသည်။
Ref: Bangkok Post, The Nation Thailand







