ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုရားသုံးဆူမြို့တွင် DKBA ဗိုလ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

June 29, 2026

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

DKBA ဗိုလ်မှူး စောအယ်ကျော်ကျော်ဆိုသူသည် ဇွန်လ ၂၇ ရက်နေ့က အမျိုးသမီးတစ်ဦးနှင့်အတူ ဆိုင်ကယ်စီးလာစဉ် ဥဒေါင်းရပ်ကွက်ထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် ၄၄ နှစ်အရွယ်ခန့်ရှိ ဗိုလ်မှူး စောအယ်ကျော်ကျော်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်စီးနင်းလိုက်ပါလာသည့် အမျိုးသမီးလည်း ပေါင်တွင် သေနတ်ဒဏ်ရာရရှိခဲ့သည်။

“အမျိုးသမီးတစ်ဦးနဲ့ ဆိုင်ကယ်စီးလာတဲ့အချိန် လမ်းမှာ ပစ်ခတ်ခံရတယ်။ သူကတော့ ပွဲချင်းပြီးပဲ၊ သူနဲ့အတူ ပါလာတဲ့ အမျိုးသမီးက ခြေထောက်မှာ ထိတယ်။ သူ အပစ်ခံရတဲ့ကိစ္စက အမျိုးမျိုး ပြောကြတယ်။ ဒီမြို့မှာ လက်နက်ကိုင်တွေ များတော့ ဘယ်သူ ဘယ်ဝါရဲ့ လက်ချက်ဆိုတာ ပြောဖို့ ခက်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗိုလ်မှူး စောအယ်ကျော်ကျော်သည် ကရင်နယ်ခြားစောင့်တပ် (BGF) တွင်လည်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်ဟု DKBA နှင့် နီးစပ်သည့် မြို့ခံတို့က ပြောသည်။

စစ်တပ် အုပ်ချုပ်ရေး ယန္တရားပျက်ပြားသွားပြီးနောက် ဘုရားသုံးဆူမြို့၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဆောင်ရွက်နေဟုဆိုသော်လည်း လက်တွေ့မြေပြင်တွင် DKBA က ဩဇာအာဏာအရှိဆုံးဟု ဘုရားသုံးဆူမြို့ခံတို့က ဆိုသည်။

ဘုရားသုံးဆူမြို့တွင် KNU၊ DKBA အပြင် စစ်အာဏာရှင်တပ်၊ မွန်ပြည်သစ်ပါတီ၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ အစရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသည်။

DKBA ဗိုလ်မှူး စောအယ်ကျော်ကျော်ကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို တစ်စုံတစ်ရာ အတည်ပြုနိုင်ခြင်းမရှိသလို အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘုရားသုံးဆူဒေသရှိ DKBA အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။