ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေး-ထားဝယ် ကားလမ်းဘေး ရာဖူးရွာတွင် ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်းမိ

April 28, 2026

Photo - MOI

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရာဖူးရွာတွင် ယနေ့ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်းမိကြောင်း ရွာသားများထံမှ သိရသည်။

“ရွာဟောင်းဘက်က ကားလမ်းနံဘေး ခြံထဲမှာပဲ နင်းမိတယ်။ နင်းမိတဲ့သူက ခြံလုပ်သား ယောက်ျားလေးပဲ။ အသက်ကတော့ ၃၀ ကျော်ပြီ။ ခြံသွားရင်း နင်းမိတာ” ဟု ရွာသားတစ်ဦးက ပြောသည်။

မိုင်းနင်းမိသူမှာ ခြေထောက်တွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးရနိုင်ခြေရှိကြောင်း ၎င်းက ပြောဆိုသည်။

ဒဏ်ရာရရှိသူ အမျိုးသားကိုမူ ဆေးကုသရန် ရေးမြို့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရွာသားများထံမှ သိရသည်။

ဧပြီလ ၁၁ ရက်ကလည်း ရာဖူးရွာရှိ ရော်ဘာခြံတစ်ခြံမှ ရော်ဘာခြံအလုပ်သမား မိသားစုတစ်စု မိုင်းနင်းမိခဲ့ပြီး မိသားစုဝင်ငါးဦး ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

ယခု ဧပြီလအတွင်း ထားဝယ်ခရိုင်၌ မြေမြှုပ်မိုင်းနင်းမိမှု သုံးကြိမ်ရှိခဲ့ကာ ကလေးတစ်ဦး သေဆုံး၍ ခြေတစ်ဖက်ဆုံးရှုံးသူတစ်ဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Dawei Watch က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။