ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Dawei Watch

April 27, 2026

ဓာတ်ပုံ - ဒေသခံတစ်ဦး၊ ပုံစာ - လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ထိခိုက်သွားသည့် အမှတ်-၃ ရွာမှ လူနေအိမ်များ

ထိုင်း-မြန်မာနယ်စပ် မောတောင်ကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်နှစ်ရက်ဆက်ဗုံးကြဲ

တနင်္သာရီမြို့နယ် မောတောင်မြို့ရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဧပြီလ ၂၇ရက် နံနက် ၁၁ နာရီဝန်းကျင်မှ ညနေ ၄ နာရီအထိ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဂျက်တိုက်လေယာဥ်နှင့် Y-12 လေယာဥ်များဖြစ်ပြီး ဆက်တိုက်တက်နေကြောင်း ၎င်းက ပြောဆိုသည်။

ညနေ ၄နာရီဝန်းကျင်တွင် တက်လာသည့် လေယာဥ်သည် မောတောင်မြို့ အမှတ် ၃ရွာနှင့် ဖောင်ဆိပ်ရွာများကို ဗုံးနှစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေအသေးစိတ် မသိရသေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခြေ‌အနေ အတိကျတော့ မသိသေး။ အမှတ် ၃ အနား ကျတယ် (ဗုံး) နှစ်လုံး။ နောက်နှစ်လုံးက ဖောင်ဆိပ်မှာ ကျတယ်။ အခုလည်း (ညနေ၄နာရီခွဲ) လေယာဥ်သံကြားနေရတုန်း” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များသည် တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်တွင် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲကြောင်း ဒေသခံအချို့က ဆိုသည်။

ဧပြီလ ၂၆ ရက်ကလည်း မောတောင်မြို့ အမှတ် ၁ရွာနှင့် အမှတ် ၉ရွာတို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် လူနေအိမ်သုံးဆောင် ပျက်စီးကြောင်း ‌ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၆ ရက် နံနက် ၁၀နာရီခွဲတွင် စစ်အာဏာရှင်တပ်က အမှတ် ၁ရွာကို ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်သဖြင့် ဆီအုန်းခြံထဲသို့ကျကာ နေအိမ်တစ်ဆောင် ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လူထိခိုက်မှု မရှိဘူး” ဟု ၎င်းက ပြောသည်။

ယင်းနေ့ နေ့လယ် ၁၂နာရီ ၃၅မိနစ်နှင့် ၁၂ နာရီ၅၅မိနစ်တို့တွင်လည်း ‌အမှတ်၉ရွာကို ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးသုံးလုံးကြဲ၍ တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်သုံးဆောင် ပျက်စီးသွားကြောင်း‌ ဒေသခံတစ်ဦးက ပြောဆိုသည်။

“လူတွေက ရှေ့ရက်ကလိုမျိုးဆို ထိတယ်။ ဗုံးလာကြဲတဲ့နေ့မှာ ဥယျာဥ်ထဲသွားနေကြလို့ ဘာမှမဖြစ်ဘူး။ အိမ်တွေတော့ ပျက်စီးသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

တိုက်ပွဲမှာ သဲဖြူကျေးရွာတွင် ဖြစ်ပွားနေသော်လည်း လေယာဉ်ဖြင့် အခြားရွာများကိုပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။